မိုင်းလုံ သြဂုတ် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် မိုးအဆက်မပျက်ရွားသွန်းမှုကြောင့် ကျောက်မဲ-မိုင်းလုံ-လဲကြီးလမ်း၌ လမ်းတာဘောင်ပျက်စီးမှုဖြစ်ကြောင်းကို မိုင်းလုံမြို့ လမ်းဦးစီးဌာနမှ သိရသည်။
လမ်းတာဘောင်ပျက်စီးမှုသည် ကျောက်မဲ-မိုင်းလုံ-လဲကြီးလမ်း (မိုင် ၅၄/၅-၅၄/၆) Km(87.91-88.11)ကြားတွင် (၃၀ပေအရှည်×၁၄ပေအကျယ်× ၃ပေအမြင့်) စုစုပေါင်း(၁၂၆၀)ကုဗပေခန့် လမ်း၏ ဝဲဘက်(ချောက်ဘက်ခြမ်း)တွင် လမ်းပုခုံးထိ လမ်းသားပဲ့ကျမှုဖြစ်ပွားခဲ့သည်။ အဆိုပါ လမ်းတာဘောင်ပျက်စီးမှုကြောင့် လမ်းပိတ်ဆို့မှုနှင့် လူထိခိုက်မှု မရှိကြောင်းသိရသည်။ ထိုလမ်းတာဘောင်ပျက်စီးမှုနေရာ၏ အောက်ဘက်တွင် နမ့်ကော်ချောင်းရှိပြီး မြေသားမတည်ငြိမ်မှု ကြောင့် လမ်းသားနိမ့်ကျမှု ဖြစ်လေ့ရှိသောနေရာဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းပျက်စီးသောနေရာတွင် ထပ်မံပဲ့ကျမှုမရှိစေရန် မိုးကာခင်းပြီး သဲအိပ်များဖြင့်စီ၍ ယာယီဆောင်ရွက်ထားကြောင်း သိရသည်။
ဇော်(ပတ္တမြားမြေ)


