ကော့သောင်း သြဂုတ် ၁၉
နိုင်ငံနှင့်အဝှမ်း ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနှင့် တစ်ဆင့် ကူးစက်ခံရသူများ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စိုးရိမ်ဖွယ်ရာပျံ့နှံ့ဖြစ်ပွားလျက်ရှိရာ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ရောဂါကာကွယ်ရေး စည်ကမ်းချက်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများက မော်တော်ယာဉ်ဖြင့် ဩဂုတ် ၁၈ ရက်က လိုက်လံနှိုးဆော် ကြေညာလျက်ရှိကြောင်း သိရသည်။
မြို့နယ် ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် မြို့နေပြည်သူများ လက်ရှိအခြေအနေတွင် မိမိအိမ်တွင်း၌သာနေထိုင်ကြရေး၊ ဧည့်သည်များ လက်မခံကြဘဲ မိမိကိုယ်တိုင်လည်း အခြားသူများထံ မသွားရောက်ကြရေး၊ မဖြစ်မနေအပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း တပ်ဆင်သွားလာကြရေး၊ ကျန်းမာရေးနှင်အားကစားဝန်ကြီးဌာနမှ နေ့စဉ်ထုတ်ပြန်ကြေညာချက်များအတိုင်း စနစ်တကျ ပူးပေါင်းလိုက်နာ ဆောင်ရွက်ကြရေး၊ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များအနေဖြင့် ပါဆယ်စနစ်ဖြင့် ရောင်းချကြရေး၊ ဈေးရောင်းဈေးဝယ်များအား ပါးစပ်နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရောင်းဝယ်ကြရေး၊ နေ့စဉ်နှိုးဆော်ရေး မော်တော်ယာဉ်များဖြင့် မြို့နယ်၊ မြို့များနှင့် ကျေးရွာများအနှံ့ လှည့်လည်နှိုးဆော်အသိပေးမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည့်အပြင် ကော့သောင်းမြို့အနေဖြင့် ကော့သောင်းမြို့နယ် ကျန်းမာရေးဌာန၏ နေ့စဉ်ထုတ်ပြန်ချက်များဖြစ်သည့် ရောဂါကူးစက်မှု နောက်ဆုံးအခြေအနေများကို မြို့နေပြည်သူများ သတိပြုဆင်ခြင်နိုင်ကြစေရန်လည်း ထည့်သွင်းသတိပေး နှိုးဆော်လျက်ရှိကြောင်းလည်း သိရသည်။
ကျော်စိုး(ကော့သောင်း)


