မြစ်ကြီးနား ဩဂုတ် ၁၉
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ် ၁၈ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရေဝပ်သည့်ရပ်ကွက်များ၏ မြေပြင်အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ အဖွဲ့သည် ပမ္မတီးရပ်ကွက် နယ်မြေ (၅) ရေဝပ်ရေအိုင်ခြင်းများအတွက် ရွှေလမ်းမကြီးလမ်းဘေး ဝဲ/ယာ ကျောက်စီရေမြောင်းနှင့် ကွန်ကရစ်တံတား ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအား ဖြည့်စွက်ညှိနှိုင်းပေးခဲ့သည်။
ယင်းနောက် အဆိုပါရပ်ကွက်ရှိ တောင်သူများ၏ လယ်ယာမြေများအား မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် ရေမြုပ်ဖုံးလွှမ်းမှု မရှိစေရန် ရေနုတ်မြောင်းများ တူးဖော်ဖောက်လုပ် ဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်ဖောင်း နယ်မြေရှိ ဝဥစိုက်ပျိုးထားခြင်း ဖြစ်ထွန်းအောင်မြင်မှု အခြေအနေများအား လေ့လာကြည့်ရှုပြီး အဆိုပါ ဝဥ အား ကချင်ပြည်နယ်၏ထုတ်ကုန်အဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ဝဥ စိုက်သည့် တောင်သူများ ပိုမိုများပြား လာစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများအား တိုက်တွန်းမှာကြားသည်။
ထို့နောက် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွှေအိုက်ရပ်ကွက် ဘီစီလမ်း ရေဝပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး မိုးတွင်းကာလတွင် ပြည်သူများအဆင်ပြေချော့မွေ့စွာ သွားလာနိုင်ရန်အဆိုပါလမ်းအား အမြန်ဆုံးပြုပြင် နိုင်ရေးတို့အတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့မရပ်ကွက်ရှိ စည်ပင်သာယာ မြစ်ဆိပ်တွင် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက် သရုပ်ပြသမှု အခမ်းအနားသို့ တက်ရောက် အားပေး ကြည့်ရှုခဲ့ကြသည်။ အဆိုပါသရုပ်ပြပွဲတွင် ပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီနှင့် လူမှုကူညီရေးအဖွဲ့များက ပူးပေါင်းသရုပ်ပြသခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပြီး ပြည်နယ်မီးသတ်ဦးစီး ဌာန၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး(မြစ်ကြီးနား)၊ ပေးဆပ်သူ လူမှုကူညီရေးအသင်းတို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က ထောက်ပံ့ငွေ များ အသီးသီးပေးအပ်ခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများသည် ခင်းကျင်းပြသထားသည့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး Fire Boat ဖြင့် ဧရာဝတီမြစ်ကမ်း တစ်လျှောက် မြစ်ရေထိန်းနံရံများနှင့် ရေဘေးအန္တရာယ်ကျရောက်နိုင်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


