နေပြည်တော် ဩဂုတ် ၁၉
လယ်ဝေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများ ဆက်ကပ်လှူဒါန်းပွဲ ကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြေ ရွှေလက်လှ စေတီတော်၊ ဇမ္ဗူရာဇ်သိင်္ဂီသာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ မြို့ဦးတိုက်သစ်သံလမ်း ပရိယတ္တိ စာသင်တိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တသုဇန အမှူးပြုသော ဆရာတော်ကြီး ၃ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုသည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ်၊ သရက်တောပရိယတ္တိစာသင်တိုက်၊ ပဓာန နာယက ဆရာတော်အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကုမာရ ဆရာတော်ကြီးထံမှ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာ တော်ကြီးများ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ် တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး လယ်ဝေးမြို့နယ်၊ သရက်တောကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါ စကပဏ္ဍိတ ဘဒ္ဒန္တကုမာရ ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင် ကျောင်းများအား ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲတွင် လယ်ဝေးမြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်း ၉ ကျောင်းတွင် သီတင်းသုံး နေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၅၀၂ ပါးနှင့် သီလရှင်ကျောင်း ၄ ကျောင်းမှ သီလရှင် ၅၁၇ ပါးတို့အား ဆွမ်းဆန်တော် ၁၀၂ အိတ်၊ ဆီ ၃၀၅ ပိဿာ၊ ပဲ ၄၁ အိတ်တို့ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း ကာလများအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း ၆၂၄ ကျောင်းရှိ ရဟန်း၊ သာမဏေ ၁၄၈၈၄ ပါးနှင့် သီလရှင်ကျောင်း ၅၇ ကျောင်းရှိ သီလရှင် ၃၆၁၇ ပါးတို့အတွက် ဆွမ်းဆန် တော်အိတ် ၃၀၁၁ အိတ်၊ ဆီ ၆၅၅ ပိဿာနှင့် ပဲ ၈၇ အိတ်တို့ကို လှူဒါန်းခဲ့ပြီး မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ပရိယတ္တိစာသင်တိုက် ၁၃ တိုက်မှ ရဟန်းသာမဏေ ၅၇၅၉ ပါးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပရိယတ္တိစာသင်တိုက် ၁၀ တိုက်မှ ရဟန်းသာမဏေ ၁၉၅၀ ပါး၊ စုစုပေါင်း စာသင်တိုက် ၂၃ တိုက်မှ ရဟန်းသာမဏေ ၇၇၀၉ ပါးတို့အား ဆွမ်းဆက်ကပ် နိုင်ရန်အတွက် ပဒေသာပင် ငွေကျပ်သိန်း ၁၄၀၀ လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်


