တနင်္သာရီ    ဩဂုတ် ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် ဇူလိုင်လအတွင်းက မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ရေကြီးမှုဖြစ်ပွားခဲ့သဖြင့် ကျောက်တလုံးကျေးရွာအုပ်စု၊ မြေမအုံကျေးရွာရှိ အများသုံးသောက်ရေတွင်း ခုနစ်တွင်းသည် နုံးပါသောမြစ်ရေလွှမ်းခြင်းဖြစ်ပွားခဲ့သဖြင့် သောက်ရေ၊ သုံးရေများ ပြန်လည်အဆင်ပြေစေရန်အတွက် အဆိုပါရေတွင်းများအား ဆေးတွင်းမှုတ်ခြင်း ဆောင်ရွက်ပြီး ကလိုရင်းဆေးခတ်ပေးခြင်းကို ဩဂုတ် ၁၉ ရက်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါရေတွင်းများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးရယ်လွင်နှင့် ဝန်ထမ်းများက ကျေးရွာသို့လာရောက်၍ ကလိုရင်းဆေးခတ်ပေးခြင်းဖြစ်ပြီး ၎င်းမြေမအုံကျေးရွာတွင် အိမ်ထောင်စု ၈၇ စုရှိကာ လူဦးရေ ၃၈၀ ခန့်နှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း ရှိသည်။ လူထုဗဟိုပြုစီမံကိန်းရန်ပုံငွေဖြင့် တူးဖော်ပေးထားသော အများသုံးရေတွင်းနှင့် ကိုယ်ပိုင်ရေတွင်း စုစုပေါင်းရေတွင်း ခုနစ်တွင်းကိုသာ သောက်ရေသုံးရေအဖြစ် အဓိက အားထားနေရကြောင်း ကျောက်တလုံးကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ ဦးသိန်းထွန်း၏ ပြောပြချက်အရ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)