မြင်းမူ ဩဂုတ်    ၂၀

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ မြောက်ပိုင်းရပ်ကွက် စိုက်ခင်းအတွင်း စိုက်ပျိုးထားရှိသည့် စက်တွန့် သခွားသီးများမှာ ယခုနှစ်တွင် အထွက်နှုန်းပိုမိုကောင်းမွန်ကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရှိရသည်။

စက်တွန့်သခွား ၁ ဧက စိုက်ပျိုးရန် ကုန်ကျစရိတ် ငွေကျပ် သုံးသိန်းခန့်ကုန်ကျကြောင်း၊   ပင်ကြား/တန်းကြားအနေဖြင့် ၁၃ ပေခွဲနှင့် ၃ ပေ ထားရှိရကြောင်း၊ စိုက်ပျိုးပြီး ၄၅ ရက် အကြာတွင် အသီးများခူးယူရရှိကာ နှစ်ရက်ခြား တစ်ကြိမ် အလုံး ၂၀၀၀ ခူးယူရရှိနိုင်ကြောင်း၊ အပင်သက်တန်း ကုန်ဆုံးသည်အထိ စက်တွန့်သခွားအလုံး ၁၅၀၀၀ ခူးယူရောင်းချနိုင်ကြောင်း၊   ဝယ်လိုအားနှင့် ဈေးကွက်ရှိသော သီးနှံဖြစ်သောကြောင့်   တောင်သူအများအပြားစိုက်ပျိုးကြကြောင်း သိရသည်။

ယခင်နှစ်က စက်တွန့်သခွား ထွက်ရှိမှုနည်းခဲ့သော်လည်း တစ်လုံးလျှင် ငွေကျပ် ၂၅၀ ထိ ရောင်းချရကြောင်း၊ ယခုနှစ်တွင် သီးနှံထွက်ရှိမှုများလာခြင်းနှင့် စိုက်ပျိုးသူ များပြားလာခြင်းတို့ကြောင့် ယခုလက်ရှိဈေးမှာ တစ်လုံးလျှင် ငွေကျပ် ၅၀ သာရှိကြောင်း အသီးထွက်ရှိမှု ပိုမိုလာခြင်းကြောင့်သာ တောင်သူများ အရှုံးမရှိခြင်းဖြစ်ကြောင်း စက်တွန့်သခွားစိုက်ပျိုးတောင်သူ ဦးဝင်းမော်၏ ပြောပြချက်အရ သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)