ငဖဲ ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ချင်းစုကျေးရွာ၌ ဆိုလာနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းကို ဇူလိုင်လမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်/ထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ အချိန်မီ ရောက်ရောက်ရှိရေးအတွက် ကုန်ထုတ်လမ်း၊ တံတားများ ဖောက်လုပ်ပေးလျက်ရှိသကဲ့သို့ စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခု ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၃၆ ဒသမ ၁၃၁ သန်းဖြင့် ချင်းစုကျေးရွာ စိုက်ပျိုးရေရရှိရေးအတွက် အနက် ပေ ၄၀၊ အကျယ် လေးလက်မ စက်ရေတွင်း လေးတွင်း တူးဖော်ခြင်း၊ ရေမြှုပ်ပန့်များ တပ်ဆင်ခြင်း၊ ဆိုလာ ၁၀ ဒသမ ၈၈ ကီလိုဝပ် တပ်ဆင်ခြင်း၊ ခြံစည်းရိုးကာရံခြင်းနှင့် ကြမ်းခင်း ခင်းခြင်းလုပ်ငန်းတို့ကို Pro Engineering ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ စိုက်ပျိုးရေများ ပေးဝေနေပြီဖြစ်ကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝိုင်းယုမော်၏ ပြောပြချက်အရ သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ဩဂုတ် ၁၉ ရက်က မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ချင်းစုကျေးရွာ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရှိရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့သည်။
အဆိုပါလုပ်ငန်း ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ တောင်သူ ၁၇ ဦးတို့၏ လယ်မြေဧက ၂၀ ကျော်ကို ရာသီမရွေး စိုက်ပျိုးရေများ ပေးဝေနိုင်မှာဖြစ်ကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝိုင်းယုမော်ထံမှ သိရသည်။
သန်းလွင်(မကွေး)


