နေပြည်တော်  သြဂုတ် ၂၀

နိုင်ငံတော်၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ် ပေးမည့် အဆင့်မြင့်ပညာများ သင်ကြားပို့ချပေးလျှက်ရှိသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များသည် နိုင်ငံတော်၏ အဓိကလိုအပ်ချက်ဖြစ်သည့် ထူးချွန်ထက်မြက်သော အသိပညာရှင်၊ အတတ်ပညာရှင်၊ စီးပွားရေး ပညာရှင်၊ ဥပဒေပညာရှင်များ တိုးပွားလာစေရန်အတွက် အဆင့်မြင့်ပညာရေးလုပ်ငန်းများကို ဆောင်ရွက် လျှက်ရှိကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာသိန်းဝင်းက ပြောသည်။ 

 

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က မိမိတို့၏ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ပူးပေါင်းဆောင်ရွက် ကြရန်၊ ကျောင်းပိတ်ရက်ကာလများတွင် အရည်အသွေးပြည့်ဝသည့် ဆရာ၊ ဆရာမများ ပြုစုပျိုးထောင်ပေး ရန်အတွက် ဝါရင့်ဆရာ၊ ဆရာမများကဦးဆောင်၍ မိမိတို့ဘာသာရပ်ဌာနအလိုက် မွမ်းမံသင်တန်းပေးရန်နှင့် သင်ခန်းစာများလေ့ကျင့် သင်ကြားပေးရေးကို ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ဦးစားပေး ဆောင်ရွက်ကြရန်လိုကြောင်း ကျောင်းများတွင် သင်ကြားရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံရေးကြိုးစား ဆောင်ရွက်ထားကြရန်၊ ကျောင်းလုံခြုံရေးနှင့် သန့်ရှင်းသာယာရေး၊ ဉပဓိရုပ်ကောင်းမွန်ရေး အလေးထား ဆောင်ရွက်ကြရန်၊ ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော သုတေသနလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရန်နှင့် လုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်တကျ ဆောင်ရွက်ကြရန် လိုကြောင်းယနေ့နံနက်ပိုင်းက virtual စနစ်ဖြင့် ကျင်းပသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်နှင့် လုပ်ငန်းညှိနှိုင်းပွဲတွင် ထိုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

 

ယင်းနောက် အစည်းအဝေး တက်ရောက်လာသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများက ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးကာ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုးအောင်(ပညာရေး)