နေပြည်တော်၊ ဩဂုတ် ၂၀

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော Myanmar Golden Produce Co.,Ltd ၏ ပြည်တွင်းထွက် သစ်သီးဝလံနှင့် သီးနှံများကို တန်ဖိုးမြှင့်ထုတ်လုပ်သည့် စက်ရုံကို ကြည့်ရှုအားပေးသည်။

 

ထိုသို့ ကြည့်ရှုစဉ် ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်နှောင်းနှောင်းဝင်းက တန်ဖိုး မြှင့်ထုတ်ကုန်ထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းရောင်းချမှု၊  လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းထုတ်လုပ် မှုမြှင့်တင်ရေး၊ ဈေးကွက်တိုးချဲ့ရရှိရေး၊ ပြည်ပတင်ပို့မှု တိုးမြှင့်ဆောင်ရွက် နိုင်ရေးတို့နှင့် စပ်လျဉ်း၍ဆွေးနွေးပြီး  နိုင်ငံတော်အစိုးရမှ ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် လုပ်ငန်းတွင် လက်ရှိကြုံတွေ့နေရသော အခက်အခဲများအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ကန်ထရိုက်လယ်ယာစနစ်ဖြင့် စပ်မျိုး စပါးများ ထုတ်လုပ်၍ ပြည်ပတင်ပို့ခြင်း၊ အထွက်တိုး စပါးမျိုးစေ့ထုတ်လုပ်၍ ပြည်တွင်းဖြန့်ချိ ရောင်းချခြင်း၊ ပြည်တွင်းစပါးမျိုးများကို မျိုးမြှင့်တင်၍ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် ပြည်ပတွင် ဈေးကွက်ဝင်သည့် စပါးများ စိုက်ပျိုးထုတ်လုပ်၍ ဆန်ကြိတ်ခွဲပြီး ပြည်ပတင်ပို့သည့် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် MAYLP Agriculture Co., Ltd သို့ ရောက်ရှိပြီး ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးစိုးလင်းထွန်း က နေပြည်တော်ဒေသအနီး တစ်ဝိုက်ရှိ မြို့နယ်များတွင် ‌တောင်သူလယ်သမားများနှင့် အကျိုးတူပူးပေါင်း၍ ကန်ထရိုက်လယ်ယာစနစ်ဖြင့်‌ ဆောင်ရွက် နေမှု၊ ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှု၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍  တင်ပြရာ  ပြည်ထောင်စုဝန်ကြီးက တောင်သူလယ်သမားများနှင့် ကန်ထရိုက်လယ်ယာစနစ် တိုးမြှင့်‌ဆောင်ရွက်နိုင်ရေးနှင့် ပြည်ပဈေးကွက်ဝယ်လိုအား ကောင်းမွန်သော ပြည်တွင်း စပါးမျိုးများ တိုးချဲ့ထုတ်လုပ်နိုင်ရေးနှင့်၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များ အကြံပြုဆွေးနွေးပြီး ကုမ္ပဏီမှတင်ပြလာသည့် အခက်အခဲ များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ကျီအင်းကျေးရွာအုပ်စုရှိ နေပြည်တော် တစ်ဝိုက်မြို့နယ် အသီးသီးမှ တောင်သူလယ်သမားများနှင့် အကျိုးတူ ကန်ထရိုက်စနစ်ဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ် ၍ ဟင်းသီးဟင်းရွက် အေးခဲထုတ်လုပ်ပြီး  ပြည်ပသို့ တင်ပို့လျက်ရှိသည့် Myanmar Agri Foods Co., Ltd သို့ ရောက်ရှိပြီး ကုမ္ပဏီ၏မန်နေဂျင်းဒါရိုက်တာ ဦးရဲမြင့်မောင်က လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၊ တောင်သူလယ်သမားများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ပြီး တောင်သူလယ်သမားများ ဝင်ငွေပိုမိုရရှိရေးနှင့်  ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးကာ စက်ရုံအတွင်း လုပ်ငန်း‌ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

(သတင်းစဉ်)