အထက်မင်းလှ ဩဂုတ် ၂၁

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်း ဒေသခံပြည်သူများ ဆေးပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် ကိုဗစ်-၁၉ ကာလ၌ ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချမှုများ မရှိစေရေးအတွက် ဩဂုတ် ၂၀ ရက် ည‌နေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မင်းလှမြို့ပေါ်ရှိ ဆေးပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ  ကွင်းဆင်းစစ်ဆေးရာ၌ မင်းလှမြို့ပေါ်ရှိ ဆေးပစ္စည်း အရောင်းဆိုင်များတွင် ဆေးပစ္စည်းများ ရောင်းချရာ၌ ဆေးပစ္စည်းလုံ‌လောက်မှု ရှိ/မရှိ၊ ဆေးပစ္စည်းများမှာယူရာတွင် အခက်အခဲရှိ/မရှိ၊ ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း ရောင်းချခြင်း ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက် ဆေးဆိုင်လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ၌ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဆေးပစ္စည်းများ ဝယ်ယူရာတွင် အခက်အခဲ မဖြစ်စေရေးအတွက် သတ်မှတ်ကာလ ပေါက်ဈေးထက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းဆွေးနွေးခဲ့သည်။

 

ဇာဇာ(အထက်မင်းလှ)