ငဖဲ သြဂုတ် ၂၁

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး (စကု) မြို့နယ် မန်းရွှေစက်တော်ဘုရားကြီးတွင် နှစ်ကျိပ်ရှစ်ဆူ စေတီအနီးမှ ကိုးခန်းကြီးဘုရားကြီးအထိ တည်ဆောက်လျက်ရှိသည့် ဓါတ်လှေကားတာဝါနှင့် Sky Walk Way Bridge တည်ဆောက်ရေး လုပ်ငန်းကို Kyaw Thar ကုမ္မဏီက မေလ ၂၉ ရက်နေ့က စတင်ဆောက်လုပ်လျက်ရှိရာ ယနေ့ထိ လုပ်ငန်း၏ ၄၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဓါတ်လှေကားတည်ဆောက်ရေး စီမံကိန်းမန်နေဂျာ ဦးသန်းလွင်ထံမှ သိရသည်။

 

mdn

 

“ကျွန်တော်တို့ ဓါတ်လှေကားတာဝါ တည်ဆောက်ရေးအနေနဲ့ ဘိုးပိုင် ၂၄ လုံး တူးခြင်းလုပ်ငန်းကို ဇူလိုင်လထဲမှာ ဆောင်ရွက်ပြီးစီးပြီး Lift tower ၂ စင်းကို ဆောက်လုပ်လျက်ရှိပါတယ်။ ဘိုးပိုင်ပြီးတော့ လက်ရှိအပေါ်ပိုင်းမှာ ၁ မီတာ၊ ၂ မီတာ အရှည်ရှိတဲ့ Lift Column ကို ဝန်ထမ်းများနဲ့ နေ့ညမပြတ် လုပ်ငန်းဆောင်ရွက်နေပါတယ်။ ဆောက်လုပ်ရေးပစ္စည်းများက လုပ်ငန်းခွင်အတွင်း ပြည့်ပြည့်စုံစုံ ရောက်ရှိနေပါပြီ။ Lift Column ကို သြဂုတ်လကုန်လောက်မှာ တည်ဆောက်သွားမှာဖြစ်ပြီး တည်ဆောက်ပြီးရင် ပစ္စည်းတွေကိုအပေါ်တင်ပြီး ဓါတ်လှေကား တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"လို့ တည်ဆောက်ရေးစီမံကိန်းမန်နေဂျာ ဦးသန်းလွင်က ပြောကြားသည်။

 

အဆိုပါ ဓါတ်လှေကားတာဝါကို အလျား ပေ ၂၁၀၊ အမြင့် ၁၁၉ ပေ၊ လျှောက်လမ်းအကျယ် ၁၂ ပေဖြင့် Kyaw Thar ကုမ္ပဏီက ငွေကျပ်သိန်းပေါင်း (၁၆၀၀၀) ခန့်ဖြင့် တာဝန်ယူ တည်ဆောက်နေတာဖြစ်ပြီး ယနေ့အထိ လုပ်ငန်း၏ ၄၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ ၂၀၂၂ ခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော် မကျင်းပမီ ကာလအတွင်း အချိန်မီပြီးစီးအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မယု (ငဖဲ)