မကွေး ဩဂုတ် ၂၁

 

မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး သန့်ရှင်းသာယာလှပရေးအတွက် ယနေ့ နံနက် နာရီက မကွေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

မကွေးမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာ ဆေးရုံဝန်ထမ်းများ၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းပါဝင်၍ ဆေးရုံဝင်းအတွင်း ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပေါင်းပင်များ ရှင်းလင်းခြင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုအား ဝန်ကြီးချုပ်က လှည့်လည်ကြည့်ရှု အားပေးကာ အဆိုပါသန့်ရှင်းရေး စုပေါင်းဆောင်ရွက်နေသည့် အဖွဲ့များအား ဝန်ကြီးချုပ်က ငွေကျပ် ၁၅၀၀၀၀ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ပြည်သူ့ဆေးရုံများတွင် အသီးသီး ဆောင်ရွက်လျက်ရှိပြီး အပတ်စဉ် စနေ့နေ့တိုင်း ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ဈေးများတွင် အလှည့်ကျ စုပေါင်းသန့်ရှင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့ ကမ်းနားလမ်းတွင် တည်ဆောက်လျက်ရှိသည့် ညဈေးတည်ဆောက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ကာလပြီးစီးရေးနှင့် တည်ဆောက်ရေးတာဝန်ခံ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှုများအပေါ် လိုအပ်သည်များအား မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

mdn

 

မကွေးမြို့ ကမ်းနားလမ်းတွင် ပြည်သူများ အေးချမ်းစွာ အပန်းဖြေ လေညှင်းခံ နားနေစားသောက်နိုင်ရန် မြို့အင်္ဂါရပ်နဲ့အညီ ကမ်းနားလမ်းညဈေး တည်ဆောက်ခြင်းကို ဇွန် ၂၉ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ၃၀ ရက်တွင် ပြီးစီးတည်ဆောက်သွားမည်ဖြစ်ကာ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၂၀၀ ဖြင့် လုပ်ငန်းစတင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မောင်ညီညာ(မကွေး)