မြင်းမူ ဩဂုတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဩဂုတ် ၂၁ ရက်က စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြင်းမူမြို့နယ်၊ ပျော့ရွာကျေးရွာရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဌာန၊ မြစ်ရေတင်ဌာန၊ ပျော့ရွာကျေးရွာရှိ တောင်သူဦးဝင်းလှိုင်၏ ကွင်းအတွင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် စိုက်ပျိုးထားရှိသည့် တစ်ဧကစပါးတင်း (၁၀၀) နှင့်အထက် ထွက်ရှိရေး စံပြစိုက်ကွင်းကိုလည်းကောင်း၊ ပျော့ရွာကျေးရွာအနီးရှိ ဒေသနွား မျိုးထိန်းမျိုးပွား နှင့် တိရစ္ဆာန်အစာ ဖွံ့ဖြိုးရေး သုတေသနခြံနှင့် မြင်းမူမြို့ မြောက်ပိုင်းရပ်ကွက် အတွင်းရှိ တောင်သူ ဦးဝင်းမင်းသန်း၏ စိုက်ခင်းအတွင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာ ပံ့ပိုးမှုဖြင့် စိုက်ပျိုးထားရှိသည့် ဝါမျိုးသန့်စံပြစိုက်ခင်း (၁၀) ဧကသို့လည်းကောင်း ရောက်ရှိရာ တိုင်း/ခရိုင်နှင့် မြို့နယ်အဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများ တင်ပြချက်အပေါ် လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည့် နေ့လယ်ပိုင်းတွင် မြင်းမူမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမတွင် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးကာ လိုအပ်သည်များကို ဖြည်းဆည်းပေါင်းစပ်ပေးပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၄၀) လီတာဆံ့ အောက်ဆီဂျင်အိုးနှင့် Concentrator များ၊ ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများ၊ ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဆေးရုံအုပ်ကြီးနှင့် စေတနာဝန်ထမ်း (Volunteer) အဖွဲ့ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)


