ရန်ကုန် ဩဂုတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၆ နာရီခွဲတွင် ကမာရွတ် မြို့နယ်၊ ဗဟိုလမ်း၊ နာနတ်တော စည်ပင်ရဲအိမ်ရာဝင်း၌ ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုဇွန် အမျိုးမျိုးတို့ကို ရွေ့လျားဈေးကား(Mobile Market) စနစ်ဖြင့် ရောင်းချနေမှုကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဝန်ထမ်း အိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကား ရောင်းချနေမှုကိုလည်းကောင်း ကြည့်ရှုအားပေးသည်။

ထို့နောက် ကျောက်တံတားမြို့နယ်၊ အိန္ဒိယသံရုံး ပတ်ဝန်းကျင်၌ ရေမြောင်းများအတွင်း အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှု၊ ဖြတ်မြောင်းနှာပေါက်များအတွင်းမှ သဲ၊ ခဲများ ရှင်းလင်းနေမှု၊ ဘေးပတ်ဝန်းကျင်ရှိတိုက်များမှ တွယ်ကပ်သစ်ပင်များ ခုတ်ထွင် ရှင်းလင်းနေ မှု၊ လမ်းဘေးဝဲ/ယာ ပလက်ဖောင်းကို ရေသယ်ယာဉ်ဖြင့် ရေဆေးသန့်စင်နေမှု၊ ရေညှိများ ခြစ်ထုတ်နေမှုနှင့် လမ်းဘေးသစ်ပင်များ ပုံသွင်းဖြတ်ညှိနေမှုကိုလည်းကောင်း၊ ကမ်းနားလမ်း အမှတ်(၁၀) မြစ်ထွက်ပေါက်ရေထိန်း တံခါးရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုနှင့် မဟာဗန္ဓုလ ပန်းခြံအတွင်း စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများကိုလည်း ကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၉ နာရီတွင် ဒဂုံမြို့နယ် အမှတ် (၁၂)၊ စကားဝါလမ်းရှိ တိပိဋကနိကာယကျောင်းတိုက်တွင် ကျောင်းတိုက်ရှိဆရာတော်၊ သံဃာ တော်များ အသုံးပြုနိုင်ရန် အောက်ဆီဂျင် လီတာ ၄၀ အိုး (၁၅)လုံးနှင့် Oxygen Regulator (၇)ခုတို့ကို လှူဒါန်းရာ ကျောင်းတိုက်ဆရာတော် တိပိဋကဓရ ဘဒ္ဒန္တ ပညာသိရီလင်္ကာရမှ လက်ခံရယူသည်။

ထို့နောက် ဗဟန်းမြို့နယ်၊ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တောင်ဘက်မုခ် ကွပ်ကဲရေး ဆောင်သို့ အောက်ဆီဂျင် လီတာ၄၀ အိုး (၅)လုံးနှင့် Oxygen Regulator (၃)ခုတို့ကို လှူဒါန်းရာ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင် ဦးတင်ဝင်းနှင့် ဦးအမ်းယုမောင် တို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ချီးမြှင့်ပေးအပ်ခဲ့ ကြောင်းသိရသည်။

(သတင်းစဉ်)