ဆန်တီယာဂို ဩဂုတ် ၂၂

ချီလီနိုင်ငံသည် တရုတ်နိုင်ငံ၏ ဆေးဝါးကုမ္ပဏီ Sinovac က ထုတ်လုပ်သည့် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယမန်နေ့တွင် ထပ်မံ လက်ခံရရှိခဲ့ကြောင်း သိရသည်။

ဩဂုတ် ၂၀ ရက်တွင် ဆန်တီယာဂိုအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာခဲ့ခြင်းကြောင့် ချီလီနိုင်ငံရှိ ပြည်သူအများအပြားအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်တော့မည်ဖြစ်ကြောင်း ချီလီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ပေါလာဒါဇာက ပြောကြားသည်။

ချီလီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုင်ငံအတွင်း၌ အရေးပေါ်အသုံးပြုရန် ယခုနှစ်အစောပိုင်းတွင် အတည်ပြုပေးခဲ့ပြီးနောက် အသက် ၁၈ နှစ်အထက် အသက်အရွယ်ရှိသူများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ချီလီနိုင်ငံသည် နိုင်ငံအသီးသီးမှ ( ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ စုစုပေါင်း ၃၁ ဒသမ ၄ သန်းကျော်လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ချီလီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် ရည်ရွယ်ထားသည့် ပြည်သူများ အနက်မှ ၈၄ ရာခိုင်နှုန်းအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးနှံပေးပြီးဖြစ်ကြောင်း ချီလီနိုင်ငံအစိုးရက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်