ရွှေကူ ဩဂုတ် ၂၂
ကချင်ပြည်နယ် ရွှေကူမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရွှေကူမြို့ အတွင်းရှိ မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်း မြစ်ရေဆက်လက်ဝင်ရောက်မှုများ ရှိလာသည့်အတွက် သြဂုတ် ၂၀ ရက် နေ့လယ် ၂ နာရီကစ၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးကြသည်။
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရွှေကူမြို့ အမှတ်(၄) ရပ်ကွက်၊ ဘောဂဗလရပ်အတွင်း မြစ်ရေ တဖြည်းဖြည်း ဆက်လက်ဝင်ရောက်လျက်ရှိရာ မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲရင့်ခိုင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက အိမ်ထောင်စု ကိုးစု လူဦးရေ စုစုပေါင်း ၄၂ ဦးတို့အား ရေဘေးလွတ်ရာ သူဌေးတောရ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ ကယ်ဆယ် ကူညီပြောင်းရွှေ့ပေးကြောင်း သိရသည်။
ရွှေကူမြို့ အတွင်း စိုးရိမ်ရေအမှတ်မှာ ၉၃၀ စင်တီမီတာဖြစ်ပြီး သြဂုတ် ၂၀ ရက် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ၈၈၅ စင်တီမီတာသို့ မြင့်တက်ရောက်ရှိနေကြောင်း၊ ဧရာဝတီမြစ်ရေမှာ တဖြည်းဖြည်းချင်း ဆက်လက် မြင့်တက်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)


