ဇီးကုန်း   ဩဂုတ် ၂၂

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်၌ ထန်းတပင်-သစ်ဖြူပင်-ရေတာရှည် ကျေးရွာ ချင်းဆက် ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှုအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးရာတွင် ဇီးကုန်းမြိုနယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မိုးနှင့် မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်များသည် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၂၄၀)ဖြင့် Multi  Power Tower  ကုမ္ပဏီက တာဝန်ယူ‌ဆောင်ရွက်သော  ထန်းတပင်-သစ်ဖြူပင်-ရေတာရှည် ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှုကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြည့်စုံစေရေး ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

 

အဆိုပါလမ်းသည် အရှည်၁/၀ မိုင်၊ အကျယ် ၁၂ပေနှင့် ထု ၁၅ လက်မရှိပြီး ၂၀၂၁ခုနှစ် မတ်လ ၁၅ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီး၍ ပြည်သူများ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါလမ်း ကတ္တရာခင်းကျင်းမှုပြီးစီးသဖြင့် ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး ယခင်ကထက် ပိုမိုအဆင်ပြေလွယ်ကူစေပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ကုန်စည်စီးဆင်းမှုများ ပိုမိုတိုးတက်ကောင်းမွန်လာစေမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

 

ဆက်လက်၍ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မိုးနှင့် အဖွဲ့သည် ဇီးကုန်း-ဘော်ဘင်လမ်း (အရှည် ၂.၀၄ မိုင်)အား ကတ္တရာထပ်ပိုးလွှာ ခင်းကျင်းပြီးစီးမှုအား လည်းကောင်း၊ လေးမျက်နှာကျေးရွာ ဘော်ဘင်ချောင်းကမ်းပါးပြို ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ လယ်တွင်း-ထန်းရှစ်ပင်-လွှစင်ကုန်းလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)