ရွှေကူ သြဂုတ် ၂၂
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် သြဂုတ်လ ဒုတိယပတ်မှစတင်၍ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ကမ်းနံဘေးရှိကျေးရွာများနှင့် မြေနှိမ့်ပိုင်းရပ်ကွက်များအတွင်း မြစ်ရေဝင်ရောက်မှု များကြောင့် ရေကြီးနှစ်မြုပ်၍ ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်သည့် ရေဘေးသင့်အိမ်ထောင်စု များအား ယနေ့ နံနက် ၉ နာရီတွင် အခြေခံစားသောက်ကုန်များ၊ ပါးစပ်၊ နှာခေါင်းစည်း(mask)နှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက အမှတ်(၄)ရပ်ကွက်၊ ဘောဂဗလအလယ်တန်းကျောင်းနှင့် သူဋ္ဌေးတောရဘုန်းတော်ကြီးကျောင်း တို့တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း(၂) ခုရှိ အိမ်ထောင်စု (၁၇)စုအတွက် တစ်အိမ်ထောင်လျှင် ဆန်(၃)ပြည်၊ မျက်နှာသုတ်ပုဝါ (၂)ထည်၊ ဆပ်ပြာမွှေးခဲ (၂)ခဲ၊ ပါးစပ်၊ နှာခေါင်းစည်း(mask) (၃)ထုတ်တို့ကို လည်းကောင်း၊ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေဘေးသင့်အိမ်ထောင်စု(၁၇) စုရှိ လူဦးရေ (၈၁) ဦးအတွက် တစ်ဦးလျှင် (၂၁ဝဝိ/) ကျပ်နှုန်းဖြင့် (၇)ရက်စာထောက်ပံ့ငွေ စုစုပေါင်း ၁၁၉၀၇၀ဝ ကို ရေးဘေးသင့်အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ရွှေကူမြို့အတွင်း စိုးရိမ်ရေအမှတ်မှာ (၉၃၀)စင်တီမီတာဖြစ်ပြီး သြဂုတ် ၂၂ ရက် နံနက် ၆ နာရီခွဲ တိုင်းတာချက်အရ (၈၈၇) စင်တီမီတာဖြစ်၍ သြဂုတ် ၂၁ ရက်နေ့ ညနေပိုင်းမှစတင်ကာ ဧရာဝတီမြစ်ရေ မြင့်တက်မှုအခြေအနေမှာ တဖြေးဖြေးကျဆင်းလာကြောင်း မြို့နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။
ရွှေကူ(ပြန်/ဆက်)


