မိတ္ထီလာ ဩဂုတ် ၂၂
မိတ္ထီလာတွင် ဇူလိုင်လမှစ၍ ဆောက်လုပ်ခဲ့သော အောက်ဆီဂျင်စက်ရုံ ပြီးစီးပြီဖြစ်ရာ အောက်ဆီဂျင်စက် ရောက်ရှိပါက စတင်ပေးဝေနိုင်မည်ဖြစ်ကြောင်း အဆိုပါစက်ရုံကို တာဝန်ယူဆောက်လုပ်သည့် ဦးဆောင် စေတနာရှင်များအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်တဲ့လုပ်ငန်းက နည်းနည်းအချောသပ်လုပ်စရာလေးတွေ ကျန်ရှိနေသေး ပေမယ့် ရာနှုန်းပြည့်ပြီးစီးသွားပြီလို့ ပြောနိုင်ပါတယ်။ အောက်ဆီဂျင်စက် ရောက်ရှိရင် စက်ရုံထဲကို သွင်းမယ့်အပိုင်း နေရာလောက်ပဲကျန်ရှိတာပါ။ စက်ကို စက်ရုံထဲသွင်းပြီးမှ အဲဒါကို ဆက်လုပ်ရမှာပါ။ ကျန်တဲ့ လျှပ်စစ်ထရန်စဖော်မာအိုး ထားရှိတဲ့လုပ်ငန်း၊ လျှပ်စစ်ဓာတ်အားလိုင်းဆွဲတဲ့လုပ်ငန်း၊ အဝီစိရေတွင်း တူးဖော်တဲ့လုပ်ငန်းနဲ့ စက်ရုံဝန်းခြံစည်းရိုး ကာရံတဲ့အပိုင်းတွေလည်း ပြီးစီးပါပြီ။ အောက်ဆီဂျင်စက်ကို မှာယူထားတဲ့ကုမ္ပဏီက ဩဂုတ် ၂၆ ရက်တွင် စက်ရောက်ရှိမည်” ဟု ဦးဆောင်စေတနာရှင်များအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါစက်ရုံတပ်ဆင်ပြီးစီးပါက တစ်ရက်လျှင် အောက်ဆီဂျင် ၄ဝ လီတာအိုး ၁၂ဝ အိုးအထိ ထုတ်လုပ် ဖြန့်ဝေနိုင်မည်ဖြစ်ပြီး မိတ္ထီလာမြို့နယ်အတွက်သာမက ခရိုင်အတွင်းရှိ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ် များနှင့် အနီးပတ်ဝန်းကျင်ရှိ မြို့များအတွက်ပါ ဖြန့်ဝေနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံကို မိတ္ထီလာဒေသခံ စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေများဖြင့် ဆောက်လုပ်ခြင်းဖြစ်ပြီး ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် ဦးဆောင်စေတနာရှင်များအဖွဲ့တို့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့ရာ စုစုပေါင်းကုန်ကျငွေ ကျပ် သိန်းနှစ်ထောင့်ရှစ်ရာခန့် ခန့်မှန်းလျာထားဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)


