ကျောက်တော် ဩဂုတ် ၂၂
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၌ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်လျက်ရှိသော ကျေးရွာများ၌ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် We Love Kyauk Taw လူမှုကူညီရေးအဖွဲ့မှ ယနေ့ နံနက် ၁၀ နာရီက ဆန်နှင့် မီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ကျောက်တော်မြို့နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ကြောင့် မိဘပြည်သူများအနေဖြင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် မိသားစု စားဝတ်နေရေး အခက်အခဲများဖြစ်ပေါ်လျက်ရှိသော အိမ်ထောင်စုများအား ကျောက်တော်မြို့ We Love Kyauk Taw လူမှုကူညီရေးအဖွဲ့မှ အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းဖြစ်သည့် ငတရံတိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စု (၁၀၇) စုနှင့် အဆိုပါကျေးရွာအတွင်းရှိ အိမ်ထောင်စု (၅၁)စု စုစုပေါင်း အိမ်ထောင်စု (၁၅၈) စု တို့အတွက် ဆန်၊ ဆီ၊ အိုင်အိုဒင်းဆား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီးခြောက်၊ ငါးခြောက် စသည့် အခြေခံစားသောက်ကုန် ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း We Love Kyauk Taw လူမှုကူညီရေး အဖွဲ့ တာဝန်ရှိသူ ကိုစိုးမင်းထံမှ သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)


