နေပြည်တော် ဩဂုတ် ၂၂

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ အတွက် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်၊ ဆေးဝါး နှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေပဲ အမြန်ဆုံးဝင်ရောက်နိုင်ရေးအတွက် လေကြောင်း ၊ ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်သွင်းခွင့်ပြုပေးလျက်ရှိရာ အများပြည်သူ အလုပ် ပိတ်ရက်အဖြစ် သတ်မှတ်ကြေညာထားသည့် ဩဂုတ် ၂၃ ရက်မှ ၃၁ ရက် အတွင်း၌လည်း အဆင်ပြေ ချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူမြန်ဆန်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိသည်။

ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ ထီးခီး ကုန်သွယ်ရေးစခန်း (၄)ခုတို့မှတင်သွင်းရာ၌ ကုမ္ပဏီ (၁၆) ခု မှ ယာဉ်စီးရေ (၃၀) ဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၄)စီးဖြင့် (၇၈) တန် ၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် (၇ ) တန်၊  Oxygen (အရည်) Storage Containerနှင့် Distributor (၁)ခု စီ ၊ အောက်ဆီဂျင်(အိုးခွံ) (၄၉၆၄)ခု၊ အောက်ဆီဂျင် Plant(၂)ခု၊  Oxygen ဖြည့်စက် (၁)ခု ၊ အိမ်သုံး Oxygen Concentrator (၅၉၇ )ခု၊ PPE ဝတ်စုံ နှင့်  နှာခေါင်းစည်း (Mask)များ တင်သွင်းခဲ့သည်။ အောက်ဆီဂျင် အရည်(Bowser) ယာဉ် (၄ ) စီးမှာ  ရန်ကုန်မြို့သို့ (၃) စီး နှင့် မော်လမြိုင်မြို့သို့ (၁) စီး ဖြစ်ပြီး  Oxygen Plant (၂) ခုမှာ မန္တ‌လေးမြို့နှင့် လားရှိုးမြို့သို့ (၁)စီးစီ ဖြစ်ကြောင်း သိရသည်။  

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများတင်သွင်းရာတွင် လွယ်ကူမြန်ဆန် နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ်ပါက လည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။

(သတင်းစဉ်)