ဝါရှင်တန် ဩဂုတ် ၂၃
ပြီးခဲ့သည့်သီတင်းပတ်အတွင်း အမေရိကန်နိုင်ငံသား ၂၅၀၀ အပါအဝင် လူပေါင်း ၁၇၀၀၀ ကို အာဖဂန် နစ္စတန်မှ ကယ်တင်ခဲ့ပြီးဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဌာနက ပြောသည်။ ကာကွယ်ရေး ဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ကယ်တင်ပေးခဲ့သည့် လူဦးရေပမာဏကို ပြောကြားခဲ့ခြင်းဖြစ်သည်။
အာဖဂန်နစ္စတန်မှထွက်ခွာရန် ကျန်ရှိနေသေးသည့်သူများသည် ကာတာနှင့် အခြားသော နိုင်ငံများမှတစ်ဆင့် အမေရိကန်နိုင်ငံသို့ ဦးတည်လာရောက်ကြမည်ဟု အမေရိကန်အစိုးရက ပြောသည်။ ကယ်ဆယ်ရေးလုပ်ငန်း လျင်လျင်မြန်မြန်ပြီးဆုံးရန် အာရုံစိုက် လုပ်ကိုင်လျက် ရှိသည်ဟု ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောသည်။
အမေရိကန် တပ်ဖွဲ့သည် အာဖဂန်ရှိ အမေရိကန်နိုင်ငံသားများအပါအဝင် အမေရိကန်အတွက် အလုပ်လုပ်ကိုင်ပေးခဲ့သည့် အာဖဂန်များကိုပါ တိုင်းပြည်အတွင်းမှ ထွက်ခွာသွားနိုင်ရေးအတွက် ကူညီပေးလျက်ရှိသည်။
အင်န်အိတ်ချ်ကေ