ဝါရှင်တန် သြဂုတ် ၂၃
အာဖဂန်နစ္စတန်နိုင်ငံမှ နေရပ်စွန့်ခွာလာသူ အမျိုးသမီးတစ်ဦးသည် ဂျာမနီနိုင်ငံသို့ ဦးတည် ပျံသန်းလျက်ရှိသည့် အမေရိကန် စစ်လေယာဉ်ပေါ်တွင် ကလေးမွေးဖွားခဲ့ကြောင်း အမေရိကန်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဩဂုတ် ၂၁ ရက်က အာဖဂန် နစ္စတန်နိုင်ငံမှ ဂျာမနီနိုင်ငံသို့ ပျံသန်းသည့် လေကြောင်းခရီးစဉ်တစ်ခု၌ လေယာဉ်ပေါ်တွင် ကလေးမွေးဖွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဂျာမနီနိုင်ငံ လေဆိပ်သို့ ရောက်ရှိစဉ် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက အဆိုပါ လေယာဉ်ပေါ်ရှိ ကလေးမွေးဖွားသူ အမျိုးသမီးအား လာရောက်ကူညီပေးပြီး နီးစပ်ရာဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ၎င်းက ဆိုသည်။
လက်ရှိအချိန်တွင် မိခင်နှင့် ကလေး နှစ်ဦးစလုံး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်