ထန်ပါခွေ ဩဂုတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ထန်ပါခွေမြို့တွင် ယနေ့နံနက် ၁၀ နာရီက နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အလှူရှင်များက လှူဒါန်းသော နှာခေါင်းစည်းအခု ၅၀၀ နှင့် လက်သန့် ဆေးရည် ၁၀ ဘူးကို ထန်ပါခွေမြို့ဌာနဆိုင်ရာ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်ရှိ ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အတတ်နိုင်ဆုံး မိမိနေအိမ်တွင်သာနေထိုင်ကြရန်၊ မဖြစ်မနေအိမ်ပြင် ထွက်ရပါက နှာခေါင်းစည်းကို စနစ်တကျတပ်ဆင် ပြီးမှသွားလာကြရန်၊ လက်ကို မကြာခဏဆပ်ပြာ၊ လက်သန့်ဆေးရည်တို့ဖြင့် ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင် ပြောဆိုဆက်ဆံကြရန်၊ လူစုလူဝေးကိုရှောင်ရှားကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာနေထိုင်ကြရန်နှင့် ရောဂါသံသယရှိပါက ကျန်းမာရေးဌာနနှင့် ဆက်သွယ်ကာ ဆေးစစ်ခံယူကုသကြရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ဟန်ထွန်း(အင်းဝ)