mdn

နန်းယွန်း    ဩဂုတ်   ၂၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် နန်းယွန်းမြို့နယ်အတွင်းရှိ ကျေးရွာ(၁၁)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ စီဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဧပြီလဒုတိယပတ်က စတင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီး နေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

နန်းယွန်းမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် မြို့နယ်အတွင်းရှိ လောက်လိုင်၊ ထဟော-၂၊ ဝပ်ကကျောက်ခေါ်၊ ကြူယန်းဆာရွတ်၊ ရှန်ဟဲလန်းပန်း၊ ကဲဆန်နုတ်ညို၊ လွန်နူး၊ ချောင်းဆုံ၊ နောင်ကုလု၊ ဟဟောင်၊ ရန်နောနုတ်ညိုကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေ ကျပ် ၁၁၀ သန်း၊  ပြည်သူထည့်ဝင် ငွေကျပ် ၃ ဒသမ ၆၇ သန်း၊ စုစုပေါင်း ၁၁၃ ဒဿမ ၆၇သန်း ဖြင့်  ကျေးရွာဘက်စုံသုံးခန်းမဆောင် တည်ဆောက်ခြင်းလေးခု၊ ပညာရေးဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းနှစ်ခု၊ မူကြိုဆောင်တည်ဆောက်ခြင်းသုံးခု၊ ရေပေးရေး လုပ်ငန်းနှစ်ခု၊ စုစုပေါင်း ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း(၁၁)ခုအား ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ နည်းပညာ ပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိမှာတော့ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း နန်းယွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရာဌေးကပြောပြ၍သိရသည်။

 

နန်းယွန်းမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကို ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်မှစတင်၍  ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာ ရေးနှစ်အထိ ကျေးရွာစုစုပေါင်း(၃၉)ရွာတွင် ကျေးရွာ၏လိုအပ်ချက်များဖြစ်သော ကျေးရွာတွင်း မြေသားလမ်း ဖောက်လုပ်ခြင်း တစ်ခု၊ ကျေးရွာဘက်စုံသုံးခန်းမတည်ဆောက်ခြင်း(၁၄)ခု၊ မူကြိုဆောင်တည်ဆောက်ခြင်းကိုးခု၊ ပညာရေးဝန်ထမ်းအိမ်ရာ ခုနှစ်ခု၊ ရေပေးရေးလုပ်ငန်းရှစ်ခု၊ စုစုပေါင်းကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း(၃၉)ခုကို ပြည်သူလူထု၏ သဘောဆန္ဒဖြင့် ရွေးချယ်၍ အကောင် အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။


စိုးမိုးကျော်