တနင်္သာရီ ဩဂုတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံရှိ ကိုဗစ်-၁၉လူနာများအတွက် အရေးပေါ်အသုံးပြုနိုင်ရန်ရည်ရွယ်၍ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များမှ ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများ၊အောက်ဆီဂျင်အိုးများနှင့်အလှူငွေများပေးပို့လှူဒါန်းလျက်ရှိကြရာ ဩဂုတ် ၂၃ရက် နံနက်၁၀နာရီခန့်က အလှူရှင် ရန်ကုန်မြို့မှ ဒေါ်ကုတ်ဝါနှင့်သားသမီးများ မိ သားစုက ပေးပို့လှူဒါန်းသော အောက်ဆီဂျင်ဖြည့်ပြီး အသင့်အသုံးပြုနိုင်သော Oxygen Cylinder 40L အိုး(၁၀)လုံးနှင့်Oxygen Flow Meter (၁၀)ခုတို့အား ဝမ်းမြောက်စွာ လက်ခံရှိကြောင်း တာဝန် ခံဆရာဝန် ဒေါက်တာဖြိုးမြင့်ကြည်ထံက သိရှိရသည်။
“တကူ(စံပြ)တိုက်နယ်ဆေးရုံမှာ ကိုဗစ်-၁၉ရောဂါလူနာပေါင်းလက်ရှိမှာ(၉၇)ဦးရှိတဲ့အနက်ကော့မပြင်းကျေးရွာမှ အမျိုးသမီးတစ်ဦးကိုတော့ အောက်ဆီဂျင်ကျနေလို့ အရေးပေါ် ပေးရှူနေရ ပါတယ်။ အောက်ဆီဂျင် အသင့်ရှိနေခြင်းက အရေးပေါ်လူနာများအတွက် ပိုမိုအဆင်ပြေတာပေါ့ ။ ကျွန်တော်တို့ ဆေးရုံမှာ ယခင်ကတဲ့က ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး(၁၀)လုံးရှိပေမဲ့လည်း အရေးပေါ် အောက်ဆီဂျင်လိုအပ်တဲ့အခါမျိုးမှာ ကျွန်တော်တို့ဆေးရုံနဲ့ မိုင်(၅၀)ဝေးတဲ့ မြိတ်မြို့မှာ ပရဟိတအဖွဲ့ တွေရဲ့အကူအညီနဲ့ သွားရောက်ပြီးတော့ ဆောက်ဆီဂျင်ဖြည့်တင်းခြင်းကို ဆောင်ရွက်နေရပါတယ်။ အခကြေးငွေကုန်ကျမှုများတဲ့အပြင် အချိန်မီရရှိဖို့အတွက် အခက်အခဲများစွာ ရှိကြောင်း၊ အခုလိုမျိုး အသင့်အသုံးပြုနိုင်တဲ့ အောက်ဆီဂျင်အိုးလှူဒါန်းပေးတဲ့အတွက် စေတနာရှင်အလှူရှင်များအားလုံး ကို အထူးပဲ့ကျေးဇူးတင်ရှိပါကြောင်း၊ ခရီးသွားလာမှုအဆင်ပြေတဲ့အခါမျိုးမှာ ဂုဏ်ပြုမှတ်တမ်းလွှာ တွေ ပေးပို့နိုင်အောင် စီစဉ်ထားပါကြောင်း“ ဒေါက်တာဖြိုးမြင့်ကြည်က ပြောပြခဲ့သည်။
ဆက်လက်ပြီး နယ်ပယ်အသီးသီးမှ အလှူရှင်များအနေဖြင့် တကူ(စံပြ)တိုက်နယ် ဆေးရုံရှိကိုဗစ်-၁၉ ရောဂါလူနာများအတွက် အောက်ဆီဂျင်အိုးများ၊ အလှူငွေများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ၊ PPE ဝတ်စုံများ၊ ဆေးဝါးပစ္စည်းများကို လှူဒါန်းလိုပါက တကူကျေးရွာအုပ်စု-ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဖုန်းနံပါတ် 09262172490/ 09-795082067/ 09- 261641157 တို့သို့ ဆက်သွယ်၍ ဆက်လက် လှူဒါန်းနိုင်ပါကြောင်း ထပ်မံသိရှိရသည်။
တကူ(စံပြ)တိုက်နယ်ဆေးရုံမှ တာဝန်ယူ၍ ယနေ့အထိ ဆေးဝါးကုသပေးနေသော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် လူနာပေါင်းမှာ(၉၇)ဦးရှိကြောင်း၊ ဇီဝိတဒါနဆေးရုံသီးသန့်လူနာဆောင်၊ဆေးရုံဝန်ထမ်းအိမ်ရာ၊ အလက(ခွဲ)သံတိုက်ကျောင်း Positive Centre နှင့် အထက(ခွဲ)သာရဘွင် ရွာ Positive Centre တို့အတွင်း သီးသန့်ကျန်းမာရေးစောင့်ကြပ်၍ ဆေးဝါးကုသပေးလျက်ရှိနေကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)


