နေပြည်တော်  ဩဂုတ် ၂၃

(၄၂) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ (42nd General Assembly of ASEAN Inter-Parliamentary Assembly) ကို ဘရူနိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း              ဗဟိုဌာန၌ ယနေ့ နံနက် ၈ နာရီခွဲက Virtual စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမမှ ပါဝင်တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ်က မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေးနှင့် ဒေသတွင်း ပေါင်းစည်းမှု ရရှိစေရေးတို့အတွက် အာဆီယံနိုင်ငံများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားမည့်အပြင် AIPA ၏ လုပ်ငန်းစဉ်များတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

mdn

 

အဆိုပါ အထွေထွေညီလာခံကို ဩဂုတ် ၂၃  ရက်မှ ၂၅ ရက်အထိ ၃ ရက် ကျင်းပသွားမည်ဖြစ်ပြီး “Forging Parliamentary Cooperation in Digital Inclusion towards ASEAN Community 2025” ခေါင်းစဉ်ဖြင့် စီးပွားရေးလုပ်ငန်းများတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်မှု၊ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက် အကာအကွယ်ပေးမှု မြှင့်တင်ခြင်း၊ အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေးနှင့် စပ်လျဉ်းသည့် လွှတ်တော်ဆိုင်ရာကိစ္စရပ်များ၊ အငယ်စား၊ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများဆိုင်ရာ ဒီဂျစ်တယ်နည်းပညာ လက်လှမ်းမီနိုင်ရေး လုပ်ငန်းများ၊ ကိုဗစ်-၁၉ အလွန် ခရီးသွားမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ရာသီဥတု ပြောင်းလဲမှုနှင့် ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို တုံ့ပြန်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းတို့နှင့်  စပ်လျဉ်း၍ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

(၄၂) ကြိမ်မြောက် အာဆီယံပါလီမန်များ၏ အထွေထွေညီလာခံသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်၊ ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြည်အောင်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးဆန်းလင်းနှင့် ဒေါက်တာကျော်သူဟိန်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်