နေပြည်တော်၊ ဩဂုတ် ၂၃

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ငွေကျပ်သိန်း ၄၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၀ ရက် ညနေ ၅ နာရီခန့်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအနီးတွင် သတင်းအရ အိုက်အောင် (၃၆) နှစ်အား ရှာဖွေရာ ဘိန်းဖြူအလေးချိန် ၃၉၆ ဂရမ် သိမ်းဆည်းရမိခဲ့ပြီး မှော်စီစာကျေးရွာရှိ ၎င်း၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅,၆၀၀ ၊ ဘိန်းဖြူအလေးချိန် ဂရမ် ၂,၉၇၀ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက်အရ မူးယစ်ဆေးဝါးများ လက်လက်ခံမည့်သူ မအေးညွန့် (၃၆) နှစ်ကို ဖားကန့်မြို့နယ်၊ လုံးခင်း-ဖားကန့်သွားကားလမ်း၊ အောင်သာယာရပ်ကွက်တွင်လည်းကောင်း၊ မူးယစ်ဆေးဝါးများ ပို့ပေးခဲ့သူ လီတား (၃၅) နှစ်ကို မြောက်ဖြူကျေးရွာရှိ နေအိမ်တွင်လည်းကောင်း ဆက်လက် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ ည ၇ နာရီခွဲခန့်တွင် မူးယစ်ဆေးဝါးများ ပိုင်ရှင် မျိုးအောင် (၅၃) နှစ်ကို ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ အမှတ် (၅) ရပ်ကွက်ရှိ နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၉၅,၅၅၀ နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်