နေပြည်တော်၊ ဩဂုတ် ၂၃

 

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာ့တစ်ဝန်းရှိ နိုင်ငံများတွင် အခက်အခဲအမျိုးမျိုး ကြုံတွေ့ရလျက်ရှိပြီး စားရေးအခက်အခဲများနှင့် အခြေခံအိမ်သုံး ဆေးဝါးအခက်အခဲများကိုလည်း ရင်ဆိုင်ကြုံတွေ့လျက်ရှိကာ နည်းလမ်းအမျိုးမျိုးဖြင့် ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။

 

သို့ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသည့် စားရေးနှင့် အခြေခံအိမ်သုံးဆေးဝါးများ အလွယ်တကူ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက်လည်း လုပ်ဆောင်ပေးလျက်ရှိသည်။

 

ထိုသို့ လုပ်ဆောင်ပေးလျက်ရှိရာ လူဦးရေထူထပ်ပြီး ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စားရေးအခက်အခဲမရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှုနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆန် Exporter ကုမ္ပဏီကြီးများက ရွေ့လျားဈေးကား Mobile Market စနစ်ဖြင့် အခြေခံစားကုန်များကို မြို့နယ်အသီးသီးရှိ ဝန်ထမ်းအိမ်ရာများ၊   လူနေရပ်ကွက်များသို့ သက်သာသော ဈေးနှုန်းများဖြင့် သွားရောက်ရောင်းချပေးနိုင်ခဲ့ခြင်းကြောင့် စားရေးအခက်အခဲ ဖြစ်ပေါ်နေမှုများကို တစ်ဖက်တစ်လမ်းမှ ဖြေလျော့ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်နေသည့်ကာလအတွင်း ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး၊ ဆေးဝါးများအား အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူရရှိနိုင်စေရန်အတွက်လည်း အလုံမြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ ကမ်းနားလမ်း၊ အမှတ် (၁၀၄/၁၀၈ ) ၌ ဩဂုတ် ၁၉ ရက်မှစ၍ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဝင် ကုမ္ပဏီ ၂၇ ခုမှ အိမ်သုံးဆေးဝါး ၃၂၃ မျိုးကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးနိုင်ခဲ့သည်။

 

ယနေ့တွင်လည်း တာမွေမြို့နယ်၊ တောင်ဉက္ကလာပမြို့နယ်၊ မြောက်ဉက္ကလာပမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လှည်းကူးမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် သာကေတမြို့နယ်များ၌ အခြေခံစားကုန်များကိုလည်းကောင်း၊ အလုံမြို့နယ်၊ ကမ်းနားလမ်းအမှတ် (၁၀၄/၁၀၈) နှင့် ပန်းဘဲတန်း မြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာနအဆောက်အဦတို့၌ ဆေးနှင့် ဆေးပစ္စည်းရောင်းချသော ကုမ္ပဏီ ၄၃ ခုမှ အိမ်သုံးဆေးဝါး ၄၄၉ မျိုးကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မိဘပြည်သူများအနေဖြင့် လွတ်လပ်စွာဝယ်ယူခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်