နေပြည်တော် ဩဂုတ် ၂၃

 

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းလုံခြုံရေး နှီးနှောဖလှယ်ပွဲ  4th International Maritime Security Symposium (2021) အခမ်းအနားကို “လုံခြုံမှု၊ ငြိမ်းချမ်းမှုနှင့် ကြွယ်ဝချမ်းသာမှုအတွက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် ယနေ့တွင် Hybrid Symposium (Online and Offline) စနစ်ဖြင့် ကျင်းပခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သော တပ်မတော် (ရေ) မှ ကိုယ်စားလှယ်အရာရှိကြီးများ၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ) တို့ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် မြန်မာ၊ ဩစတြေးလျ၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ ဂျပန်၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ စပိန်၊ တူရကီ၊ အမေရိကန်၊ ဗြိတိန်၊ ဗီယက်နမ် စသည့်နိုင်ငံပေါင်း ၅၄ နိုင်ငံမှ ရေတပ်ဦးစီးချုပ်များ၊ နိုင်ငံတကာ ကိုယ်စားလှယ်များနှင့် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Yudo Margono က (၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းလုံခြုံရေး နှီးနှောဖလှယ်ပွဲ (4th IMSS 2021) အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ်ပေးကာ အင်ဒိုနီးရှားရိုးရာယဉ်ကျေးမှု အစီအစဉ်များဖြင့် ဖျော်ဖြေခဲ့သည်။ ထို့နောက် အင်ဒိုနီးရှားတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ညှိနှိုင်းကွပ်ကဲရေးမှူးနှင့် အင်ဒိုနီးရှား ဒုတိယကာကွယ်ရေးဝန်ကြီးတို့က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ကြသည်။

 

ယင်းနောက် အင်ဒိုနီးရှားနိုင်ငံ၏ မြို့ပြရှုခင်းများကို ဗွီဒီယိုဖြင့်ပြသကာ မိတ်ဆက်ခဲ့သည်။ ထို့နောက် နှီးနှောဖလှယ်ပွဲ ပထမနေ့ကို ပင်လယ်ပြင်ရေကြောင်း စိန်ခေါ်မှုနှင့် အခွင့်အလမ်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ “အပြည်ပြည်ဆိုင်ရာ ရေကြောင်းပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းကိစ္စများ"၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါ၏ အဘက်ဘက်မှစိန်ခေါ်မှုများနှင့် နှောင့်နှေးကြန့်ကြာမှုများအား ကျော်လွှားနိုင်ရန် စစ်ဘက်နှင့် အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကဏ္ဍများ”၊ “ သင်္ဘောများ၏ ကုန်တင်ပို့မှုနှင့် ဆိပ်ကမ်းအပေါ် သက်ရောက်မှုကိစ္စရပ်များ”၊ အာရှရွက်လွှင့် သင်တန်းကျောင်းအဖွဲ့အစည်းနှင့် အာရှရွက်လွှင့်ပြိုင်ပွဲ အစီအစဉ်များ တည်ထောင်ခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေး (HADR) နှင့်ပတ်သက်၍ ဆယ်စုနှစ်အတွင်း အင်ဒို-ပစိဖိတ်ဒေသ၌ ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုသဘာဝဘေးအန္တရာယ်ဆိုင်ရာ သံတမန်ရေးနည်းလမ်းကို အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ တစ်ခုကဲ့သို့ အာဆီယံဒေသအတွင်း ပြောင်းလဲကျင့်သုံးမည့် အစီအစဉ်” ခေါင်းစဉ်များဖြင့် ဆွေးနွေးရာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီနှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးကဏ္ဍတွင် တပ်မတော် (ရေ) အနေဖြင့် အသင့်ဖြစ်မှုအဆင့်အလိုက် ပြင်ဆင်ဆောင်ရွက်သင့်သည့် အချက်များကို အပြန်အလှန်ဆွေးနွေးခဲ့သည်။

 

ယနေ့နှီးနှောဖလှယ်ပွဲတွင် ခေါင်းစဉ်များကို အပိုင်း (၃) ပိုင်းခွဲခြား၍ ရေတပ်ဦးစီးချုပ်များ၊ နိုင်ငံတကာ ကိုယ်စားလှယ်များနှင့် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့အစည်းတို့မှ တာဝန်ရှိသူများက Power Point Presentation ဖြင့် အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။

 

(၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းလုံခြုံရေးနှီးနှောဖလှယ်ပွဲ (4th IMSS 2021) အခမ်းအနားကို ဩဂုတ် ၂၄ ရက်တွင် ဒုတိယနေ့အဖြစ် “သီးသန့်စီးပွားရေးဇုန်များတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများနှင့် သတင်းထောက်လှမ်းခြင်းဆိုင်ရာ လှုပ်ရှားမှုများနှင့်ပတ်သက်၍ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ”၊ “ရေကြောင်းလုံခြုံရေးဆိုင်ရာ သတင်းအချက်အလက် ဖလှယ်မှု တည်ဆောက်ခြင်း” နှင့် “မောင်းသူမဲ့ရေယာဉ်များ အသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် ပင်လယ်ပြင် ဥပဒေဆိုင်ရာ ရှုထောင့်များ” စသည့်ခေါင်းစဉ်များဖြင့် နှီးနှောဖလှယ်ပွဲ ကို အပိုင်း (၃) ပိုင်းခွဲခြား၍ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

 

သတင်းစဉ်