တွံတေး  သြဂုတ်  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တွံတေးမြို့နယ် မီးသတ်ဦးစီးမှူးဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိပြီး ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်နေမှုကို ဩဂုတ် ၂၃ ရက် နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် စုဖွဲ့လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ရာ၌ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးစောမောင်သန်း၊ မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် သန္ဓေတပ်ဖွဲ့ဝင်များက မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး သဘာဝ ဘေးအန္တရာယ်နှင့် လေးပြင်းတိုက်ခတ်မှုများ၊ မြေပြိုမှုများ၊ ကမ်းပါးပြိုကျမှုများနှင့် အခြားသောဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဖြစ်ပေါ်လာပါက မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို လျင်မြန်ထိရောက်စွာ အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်မှုကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။    
     
သဘာဝဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ဒေသခံပြည်သူများအား ကူညီကယ်ဆယ်ရန် မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ အချိန်မရွေးဆက်သွယ် ဆောင်ရွက်နိုင်ရေးအတွက် အောက်ပါ ဖုန်းနံပတ်များသို့ ၀၄၅ ၅၀၄၄၄၊ ၀၉ ၄၂၂ ၈၇၁ ၅၁၆၊ ၀၄၅ ၅၀၄၄၅ သို့ဆက်သွယ်နိုင်ကြောင်း ကြေညာထားသည်ကိုလည်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)