ပွင့်ဖြူ ဩဂုတ် ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါအား ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများကို ဩဂုတ် ၂၃ ရက်က မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ် ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရွာခွဲတာဝန်ခံများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါအန္တရာယ်အား ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကြိုတင်ကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များကို အလေးထား လိုက်နာ ဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ကိုဗစ် - ၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရေး ကြိုးပမ်း ဆောင်ရွက်နေမှုများ၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့်အချက်များကို လိုက်လံအသိပေးနှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု(၅၆)အုပ်စုနှင့် ကျေးရွာပေါင်း(၂၀၅)ရွာ ရှိကြောင်း သိရကာ ယခုကဲ့သို့ အသိပေးနှိုးဆော်ခြင်းများအပြင် ပြည်သူတစ်ဦးချင်းအလိုက် ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ရပ်ကွက်/ကျေးရွာများအရောက် သွားရောက်ပြီး Mask Campaign လူထုလှုပ်ရှားမှု အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


