မိုးညို သြဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဩဂုတ် ၂၄ ရက် နံနက် ၇ နာရီမှ စတင်၍ နေ့လယ် ၂ နာရီအထိ အငြိမ်းစားပင်စင်လစာငွေများ ထုတ်ပေးခြင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင် အငြိမ်းစားပင်စင်လစာငွေ ထုတ်ယူသူ (၁၂၁၀)ဦးရှိပြီး ယနေ့တွင် ပင်စင်စားဦးရေ ၃၀၀ ခန့်အား ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ အငြိမ်းစားပင်စင်စား လစာငွေများကို မြို့ပေါ်/ကျေးရွာအုပ်စုများအား နေ့အလိုက် ထုတ်ပေးမည့် အစီအစဉ် ကြေညာထားသော်လည်း လာရောက်ထုတ်ယူသည့် ပင်စင်စားမည်သူ့ကိုမဆို ထုတ်ပေးသွားမည် ဖြစ်ကြောင်းနှင့် လာရောက် မထုတ်ယူနိုင်သေးသူများအနေနှင့်လည်း ရုံးဖွင့်ရက်များတွင် လာရောက် ထုတ်ယူနိုင်ကြောင်း သိရသည်။
ပင်စင်လာရောက်ထုတ်ယူသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကူးစက်ပျံနှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် Mask တပ်ဆင်စေခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့် ဆေးကြောစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ရေးတို့ကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


