တွံတေး သြဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့် တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ တွံတေးမြို့နယ်တွင် ဩဂုတ် ၂၄ ရက်က အုန်းပင်စုရပ်ကွက်၊ ရွှေဆံတော်ဘုရား လမ်းမကြီးပေါ်ရှိ အ.ထ.က(၁)ကျောင်းရှေ့ အိုးဖိုအရှေ့နှင့် ကွမ်းခြံရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးရှေ့တို့တွင် ဆန်၊ ဆီ သယ်ယူ ပို့ဆောင်ရေးနှင့် ရောင်းချရေးယာဉ်များဖြင့် မြို့နယ်နေပြည်သူများအား အခြေခံ စားသောက် ကုန်များဖြစ်သည့် ဆန်နှင့် ဆီများကို ဈေးနှုန်းသင့်တင့်စွာ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ရောင်းချပေးရာတွင် ပြည်သူများ ဈေးနှုန်းသင့်တင့်စွာ ဝယ်ယူနိုင်ရေးအတွက် ဆန်ကြမ်း(၁) ပြည်လျှင် ငွေကျပ် ၁၀၀၀နှုန်းဖြင့် (၅)ပြည်အိတ်တစ်အိတ်ကို ငွေကျပ် ၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ပေါ်ဆန်း (၁)ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့်(၅)ပြည်အိတ် တစ်အိတ်ကို ငွေကျပ် ၈၅၀၀နှုန်းဖြင့်လည်းကောင်း၊ ဆီ ၆၀ သား တစ်ဘူးကို ငွေကျပ် ၁၈၅၀ ဖြင့် လည်းကောင်း ရွေ့လျားစျေးကား Mobile Market ဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် ( ပြန်/ ဆက်)


