ချင်းရွှေဟော်    ဩဂုတ် ၂၅

 

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့ နယ်စပ်ဂိတ်တွင် ပြန်လည် လွှဲပြောင်းပေးအပ်လာသည့်  သတ်မှတ်နယ်မြေကျော်လွန်မှုဖြင့် တရုတ်နိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး ဩဂုတ် ၁၀ ရက်က ပြန်လည်လွတ်မြောက်လာသူ မြန်မာနိုင်ငံသား အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၄ ဦးနှင့်  ဩဂုတ် ၁၁ ရက်က ပြန်လည်လွတ်မြောက်လာသူ မြန်မာနိုင်ငံသား အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ခြောက်ဦး စုစုပေါင်း ၄၉ ဦးတို့အား ရပ်ကွက်(၃)၊ ချင်းရွှေဟော်မြို့၊ အခြေခံပညာအထက်တန်းကျောင်း Facility Quarantine Centre တွင် ထားရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူများအား ကိုဗစ်(၁၉) ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိမှု မရှိကြောင်းနှင့် Facility Quarantine Centre တွင် ၁၄ ရက် ပြည့်မြောက်ပြီ ဖြစ်သဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ၎င်းတို့၏ နေရပ်အသီးသီးသို့ ဩဂုတ် ၂၄ ရက်က ပြန်လည်စေလွှတ်ခဲ့ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်ထံမှ သိရှိရသည်။

 

နေရပ်ပြန် ၄၉ ဦးသည် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် နေထိုင်သူများဖြစ်ကြောင်း သိရှိရသည်။

 

စည်သူမောင်မောင်(ပြန်/ဆက်)