မင်းဘူး ဩဂုတ် ၂၅

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် ဓာတ်လှေကား တည်ဆောက်မှု လုပ်ငန်းများအားလုံး ၂၀၂၂ ခုနှစ် ဘုရားပွဲတော်ရာသီချိန် မတိုင်ခင် အပြီးတည်ဆောက်သွားမှာဖြစ်ပြီး ယနေ့အထိ လုပ်ငန်းအားလုံး ၄၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဓာတ်လှေကားတာဝါ အရည်အသွေးစစ်ရေးအဖွဲ့ ခေါင်းဆောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၏ ပြောပြချက်အရ သိရသည်။

 

မန်းရွှေစက်တော်ဘုရားကြီးရှိ နှစ်ကျိပ်ရှစ်ဆူစေတီတော်အနီးမှ ကိုးခန်းကြီးဘုရားအထိ ဆောက်လုပ်နေသော ဓာတ်လှေကား (Lift Tower နှင့် Walk Way Bridge ) တည်ဆောက်နေမှု လုပ်ငန်းများကို အရည်အသွေးစစ်ရေးအဖွဲ့ (QA/QC) အဖွဲ့ခေါင်းဆောင်နှင့် စစ်ဆေးရေးအဖွဲ့ဝင် အင်ဂျင်နီယာများက ဩဂုတ် ၂၄ ရက် နံနက်ပိုင်းက အရည်အသွေး စံချိန်စံညွှန်းများ ပြည့်မီရေးနှင့် သတ်အမှတ်ကာလ အချိန်မီ ပြီးစီးရေးတို့အတွက် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

မန်းရွှေစက်တော်ဘုရား ဓာတ်လှေကားကို ဘုရားရန်ပုံငွေမှ ခွင့်ပြု‌ငွေကျပ် သိန်း ၁၆၀၀၀ ခန့် အကုန်အကျခံကာ အလျား ပေ ၂၁၀ x အမြင့် ၁၁၉ ပေ x အကျယ် ၁၂ ပေဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)