နေပြည်တော် ဩဂုတ်   ၂၅

 

နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေး Stay at Home ကာလအတွင်း နေအိမ်အပြင်ထွက်ခွာသွားလာသူများအား ပြင်ပထွက်ခွာသွားလာခွင့် ထောက်ခံစာဖြင့် သွားလာရေး အသိပေး၊ သတိပေးဆောင်ရွက်ခြင်းကို ဩဂုတ် ၂၅ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးရှေ့၌ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ယာယီရဲမှူးတင်အောင်မိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရဦးနှင့် ဌာနဆိုင်ရာဝန်ထမ်းများက နေအိမ်မှအပြင်ထွက်ခွာလာသည့် ပြည်သူများကို   နေအိမ်ပြင်ပ ထွက်ခွာသွားလာရေး ထောက်ခံစာ ပါ/မပါ စစ်ဆေးခဲ့ပြီး၊ မပါရှိပါက မိမိနေထိုင်သော ရပ်ကွက်၊ ကျေးရွာများမှ တာဝန်ရှိသူများထံ သွားရောက်ဆောင်ရွက်ကြရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့သည်။

 

တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေး Stay at Home ကာလအတွင်း Check Point ရှစ်နေရာနှင့် လှည့်လည်စစ်ဆေးရေးအဖွဲ့ တစ်ဖွဲ့ဖြင့် စစ်ဆေးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်

 

တင်စိုးလွင်