တာချီလိတ် ဩဂုတ် ၂၅

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု ၊ ဝမ်ပုံဆိပ်ကမ်း၌ လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ ၄၉၅ ဦးအား ဩဂုတ် ၂၄ ရက်၌ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့​ကြောင်း သိရသည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test kit စနစ်ဖြင့် စစ်ဆေးခဲ့ရာ ၁၉ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။ ပိုးတွေ့ရှိသည့် နေရပ်ပြန်ပြည်သူများအား ဝမ်လုံးအသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာ၌ ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။

 

နေရပ်ပြန်ပြည်သူ ၄၉၅ ဦးမှ ရောဂါပိုးမတွေ့ရှိ သည့် ၄၇၆ ဦးအား သက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ်များသို့ ရောက်ရှိနိုင်ရေးအတွက် စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့ဝင်များက အခမဲ့မော်တော်ယာဉ်များ စီစဉ်ပေးခြင်း၊ စားသောက်ဖွယ်ရာများ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းများ၊ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးပြီး အားပေးစကား ပြောကြားကာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

 

ယာဆေး(ပြန်/ဆက်)