သံဖြူဇရပ် ဩဂုတ် ၂၅
မွန်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင်များသည် ဩဂုတ် ၂၅ ရက် နံနက်ပိုင်းက သံဖြူဇရပ်မြို့၊ ဖောင်စိန်ရပ်ကွက်၌ မွန်ပြည်နယ်တွင် ပထမဦးဆုံးအကြိမ် ဖွင့်လှစ်သော ၁၆ တန်ဆံ့ Liquid အောက်စီဂျင်စက်ရုံ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက “မွန်ပြည်နယ်အတွင်း ကိုဗစ်−၁၉ အရေးပေါ် တုံ့ပြန်နိုင်ရေးအတွက် လိုအပ်သည့် အောက်ဆီဂျင် လုံလောက်စွာရရှိစေရန် ဆောင်ရွက်လျက်ရှိရာ သံဖြူဇရပ်မြို့နယ်၊ ဖောင်စိန်ရပ်ကွက်၌ ၁၆ တန်ဆံ့ Liquid အောက်စီဂျင်စက်ရုံကို မွန်ပြည်နယ်အနေဖြင့် ပထမဦးဆုံးအကြိမ် ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း၊ ယခု အောက်စီဂျင်စက်ရုံကို ပြည်နယ်အစိုးရအဖွဲ့မှ ကူညီပံ့ပိုးပေးမှုအပါအဝင် ဆရာတော်များ ဦးဆောင်မှု၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဓိကအချက်အနေဖြင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက် ကြရန်နှင့် ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ယနေ့ဖွင့်လှစ်နိုင်ခဲ့သည် အောက်စီဂျင် စက်ရုံကြီးသည် ဆရာ၊ ဒကာ ပူးပေါင်းမှု စွမ်းပကားကြောင့် တည်ဆောက်နိုင်ခဲ့သလို စက်ရုံရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းဆောင်ရွက်ပေးကြရန်” ပြောကြားသည်။
ထို့နောက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်က အောက်စီဂျင်စက်ရုံအတွက် အောက်စီဂျင်အိုးများနှင့် Flow Meter များ ပေးအပ်လှူဒါန်းခြင်းအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး၊ မြေနေရာချထားပေးခြင်း၊ စက်ရေတွင်း၊ ရေစုကန်နှင့် ရေစက်ရုံ ဆောက်လုပ်ပေးခြင်း၊ 200 KVA ထရန်စဖော်မာ တပ်ဆင်ပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ကြမှုအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အောက်စီဂျင်စက်ရုံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ၁၆ တန်ဆံ့ Liquid အောက်စီဂျင်စက်ရုံအား လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ သံဖြူဇရပ်မြို့၊ ဖောင်စိန်ရပ်ကွက်၊ Liquid အောက်စီဂျင်စက်ရုံမှာ ၁၆ တန်ဆံ့ Liquid Tank ဖြစ်ပြီး တစ်နာရီလျှင် အောက်စီဂျင် ၄၀ လီတာအိုး အလုံးရေ ၇၀ ထုတ်ပေးနိုင်ကာ တစ်ရက်လျှင် အလုံးရေ ၁၂၀၀ အထိ ထုတ်လုပ်ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။
ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာရှိ FBT အဆင့်မြင့် ခရမ့်ရော်ဘာစက်ရုံသို့ရောက်ရှိ၍ စက်ရုံရှင်းလင်းဆောင်တွင် စက်ရုံတာဝန်ရှိသူက အရည်အသွေးကောင်းမွန်သည့် ခရမ့်ရော်ဘာ (MSR- 10, MSR- 20) နှင့် RSS- 3 ထုတ်လုပ်နေမှုအခြေအနေအား ရှင်းလင်းတင်ပြမှုအပေါ် ကိုဗစ်- ၁၉ ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်ကုစားနိုင်ရေး အတွက် စက်ရုံ၊ အလုပ်ရုံများကို သတ်မှတ် စည်းမျဉ်း စည်းကမ်းနှင့်အညီ ဆက်လက်လည်ပတ်နိုင်ရေး၊ ခေတ်မီနည်းပညာဖြင့် အရည်အသွေးမြင့် ရော်ဘာထုတ်ကုန်များ ဈေးကွက်ရရှိစေရေး၊ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး လမ်းညွှန်မှာကြားကာ စက်ရုံအတွင်း ခရမ့်ရော်ဘာ ထုတ်လုပ်မှု အဆင့်ဆင့်၊ အရည် အသွေး ထိန်းသိမ်းရေး ဓာတ်ခွဲခန်းများ၊ လေထု၊ ရေထု ညစ်ညမ်းမှု မရှိစေရေးအတွက် အနံဆိုးချွတ်စနစ်၊ စွန့်ပစ်ရေဆိုးထုတ်စနစ်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


