mdn

 

ရန်ကုန် ဩဂုတ် ၂၅
          
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီတွင် အင်းစိန်မြို့နယ်၊ ဖန်ချက်စက်ရုံလမ်းရှိ စံပြချမ်းမြေ့စည်ပင်အိမ်ရာဝင်း၌ ရွေ့လျားဈေးကား(Mobile Market) စနစ်ဖြင့် ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ဈေးများနှင့်ကုန်စည်ပွဲရုံ များဌာနမှ ငါး၊ ပုဇွန်အမျိုးမျိုး ရောင်းချပေးနေမှုကို ကြည့်ရှုစစ်ဆေး သည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ယင်းအိမ်ရာဝင်းအတွင်း ဖြတ်သန်းစီးဆင်းနေသော ကသွယ်ချောင်းကို ရေစီးရေလာစီမံခန့်ခွဲမှုဌာနမှ ဆယ်ယူရှင်းလင်းတူးဖော်နေမှု၊ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ)မှ အလျား ပေ ၉၀ ၊ အနံ ၃၆ ပေရှိ ၆ ခန်းတွဲ ဝန်ထမ်းအိမ်ခန်း အဆောက်အဦ (၄)လုံး တည်ဆောက်နေမှု၊ ဖန်ချက်စက်လမ်းတစ်လျှောက် မြေသားမြောင်း များတူးဖော်နေမှု၊ အမှိုက်များ၊ မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှုနှင့် လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု တို့ကိုလည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းဘေး ဝဲ/ယာနှင့် မြကျွန်းသာ အတွင်း  သစ်ပင်များအား ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ရှင်းလင်းခြင်း၊ ပုံသွင်းခုတ်ထွင်ခြင်း ဆောင်ရွက်နေမှုများကို လည်းကောင်း၊ အင်းလျားကန်ပေါင်တစ်လျှောက် လူသွားစင်္ကြံ ပြုပြင်ထိန်းသိမ်းထားမှုနှင့် လမ်းနီဘတ်စ်ကားမှတ်တိုင်၊ Taxi ယာဉ်များရပ်နားရန် နေရာတို့ကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။ 

(သတင်းစဉ်)