ဝန်းသို ဩဂုတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် အောင်သာကုန်းကျေးရွာနှင့် အလယ်ခုံ ကျေးရွာတို့တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(Village Development Plan)ရန်ပုံငွေဖြင့် စာသင်ကျောင်းဆောင် အသစ်ဆောက်လုပ်ခြင်း နှင့် စာသင်ဆောင်တိုးချဲ့ဆောက်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်သာကုန်းကျေးရွာတွင် ပေ (၆၀×၃၀)၊ အမြင့် ၁၂ ပေရှိ အုတ်ညှပ်အမျိုးအစား တစ်ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းလုပ်ငန်းကို VDPစီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၀၀ နှင့် ပြည်သူ ထည့်ဝင်ငွေကျပ် ၅၆သိန်းဖြင့်လည်းကောင်း၊ အလယ်ခုံကျေးရွာတွင် မူလပေ (၆၀×၃၀) အမြင့် ၁၂ ပေရှိ ကျောင်းဆောင်အား ပေ ၃၀ (မျက်နှာကျက်အပါ)တိုးချဲ့ဆောက်လုပ်ခြင်းလုပ်ငန်းကို VDPစီမံကိန်း ရန်ပုံငွေကျပ်သိန်း၁၀၀ ဖြင့်လည်းကောင်း ကျေးရွာဖွံ့ဖြိုးရေးကော်မတီတို့ကဦးဆောင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်မျိုးထွန်းနှင့်တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ရာ အောင်သာကုန်းကျေးရွာတွင် လုပ်ငန်းအားလုံး၏ ၉၅ ရာခိုင်နှုန်း၊ အလယ်ခုံကျေးရွာတွင် ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ကျော်မြိုင်


