ဗန်းမောက် ဩဂုတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအချိန်ထိ မြို့တော်ခန်းမ၌ စုရပ်သတ်မှတ်ပြီး ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာ၌ ဆရာတော်၊သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူများက ဇူလိုင်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၃၃၅)ဦးအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း၊ ဩဂုတ် ၃ ရက်နေ့မှ ၁၉ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း (၅၀၀၀)ဦးရှိပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသူဒေသခံ ပြည်သူများအား ကာကွယ်ဆေးရရှိမှုအပေါ် မူတည်၍ ဦးစားပေးအစီအစဉ်အလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဌ ဦးသန်းဌေးထံမှ သိရသည်။
ထို့နောက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများနှင့် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်လူမှုရေး အသင်းအဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(ဗန်းမောက်)


