နေပြည်တော် ဩဂုတ် ၂၅

 

(၂၄) ကြိမ်မြောက် အာဆီယံလူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကောင်စစ်ရေးရာ အကြီးအကဲများ အစည်းအဝေး (DGICM) နှင့် ဆက်စပ် အစည်းအဝေးများ ဖွင့်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ယနေ့နံနက် (၈) နာရီတွင် ဗီဒီယိုကွန့်ဖရင့်ဖြင့် ကျင်းပသည်။

 

ရှေးဦးစွာ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံမှ (၂၃) ကြိမ်မြောက် DGICM ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုးက (၂၄) ကြိမ်မြောက် DGICM ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ဖိလစ်ပိုင်နိုင်ငံ၊ လူဝင်မှု ကြီးကြပ်ရေးဗျူရိုမှ ညွှန်ကြားရေးမှူးချုပ် Mr. Jaime H Morente ထံ DGICM ဥက္ကဋ္ဌ တာဝန် အထိမ်းအမှတ် ရုပ်ထုကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် လွှဲပြောင်းပေးအပ်သည်။

 

ထို့နောက် (၂၄)ကြိမ်မြောက် DGICM ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဗျူရိုမှ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် အကြီးအကဲများက နိုင်ငံအလိုက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဆောင်ရွက်မှုများ၊ The Master Plan on ASEAN Connectivity (MPAC) ၂၀၂၅ ဆိုင်ရာ ကနဦးဆောင်ရွက်ချက်များကို ဆွေးနွေး ပြောကြားကြသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ် အကြီးအကဲများက စင်ကာပူနိုင်ငံမှ တာဝန်ယူဆောင်ရွက်မည့် (၂၅) ကြိမ်မြောက် DGICM အစည်းအဝေး ကျင်းပနိုင်ရေးကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

(၂၄) ကြိမ်မြောက် လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကောင်စစ်ရေးရာ အကြီးအကဲများအစည်းအဝေး (DGICM) နှင့်အတူ ဆက်စပ်အစည်းအဝေးများ ဖြစ်သည့် (၄) ကြိမ်မြောက် အာဆီယံ လူဝင်မှုကြီးကြပ်ရေး အဓိကစစ်ဆေးရေး ဂိတ်များ၏ အကြီးအကဲများဖိုရမ် (AMICF) နှင့် (၁၆) ကြိမ်မြောက် အာဆီယံ လူဝင်မှုကြီးကြပ်ရေး ထောက်လှမ်းရေးဆိုင်ရာ ဖိုရမ် (AIIF)၊ (၁၆) ကြိမ်မြောက် DGICM နှင့် ဩစတြေးလျ ဆွေးနွေး ညှိနှိုင်းပွဲတို့ကိုလည်း ဩဂုတ် (၂၅) ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်