ကယားပြည်နယ်ရှိ အကြမ်းဖက် PDF အဖွဲ့များအား ထောက်ပံ့ပေးနေသူ သုံးဦးနှင့် အကြမ်းဖက် PDF အဖွဲ့ဝင် ၁၀ ဦး ဖမ်းဆီးရမိ

 

နေပြည်တော် ဩဂုတ် ၂၆

 

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန်ရည်ရွယ်၍ စာသင်ကျောင်းများ အပါအဝင် အစိုးရပိုင် အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ အများပြည်သူသွားလာ လှုပ်ရှားလျက်ရှိသည့် နေရာများအား မိုင်းထောင်တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ လူပုဂ္ဂိုလ်များအား ဒလန်အဖြစ် စွပ်စွဲသတ်ဖြတ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လုပ်ကြံသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည့် ကယားပြည်နယ်ရှိ အကြမ်းဖက် PDF အဖွဲ့များကို ငွေကြေး၊ ဝတ်စုံ၊ ရိက္ခာ၊ ဆေးဝါးများ ထောက်ပံ့ပေး လျက်ရှိသည့် မျိုးပပအား ဩဂုတ် ၁၂ ရက် ညပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ် Star City အိမ်ရာ အခန်းအမှတ် (A3/1023)၌ ဖမ်းဆီးရမိခဲ့သည်။

 

တရားခံမျိုးပပ၏ထွက်ဆိုချက်အရ ကယားပြည်နယ်ရှိအကြမ်းဖက် PDF အဖွဲ့များထံထောက့်ပံ့ရန် ၎င်း၏ KBZ Pay Account အတွင်းသို့ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဖွဲ့စည်းထားသည့် Together Myanmar အဖွဲ့မှ ဇူလိုင်လအတွင်း ငွေကျပ် ၁၅၇၂၇၅၀၀၊ ဩဂုတ်လအတွင်း ငွေကျပ် ၆၆၄၂၃၅၀ စုစုပေါင်း ငွေကျပ် ၂၂၃၆၉၈၅၀အား စင်ကာပူနိုင်ငံနေ ငြိမ်းချမ်းသူမှတစ်ဆင့် ပေးပို့မှုကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်နေ ဦးမြင့်အောင်ထံမှငွေကျပ် ၅၀၀၀၀၀ကိုလည်းကောင်း လက်ခံရရှိခဲ့ကြောင်း၊ လက်ခံရရှိငွေများကို အသုံးပြု၍ တရားခံမျိုးပပသည် ကယားပြည်နယ်ရှိ အကြမ်းဖက်အဖွဲ့များဖြစ်သည့် လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ KNDF(Karenni Nationalities Defense Force) အဖွဲ့များအတွက် လက်နက်၊ ခဲယမ်းဝယ်ယူရန် ငွေကြေး၊ ဝတ်စုံ၊ ရိက္ခာ၊ ဆေးဝါးများထောက်ပံ့ခြင်းကို စုစုပေါင်းအကြိမ် ၂၀ လုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းပေးပို့ထောက်ပံ့သည့် ငွေကြေး၊ဝတ်စုံ၊ ရိက္ခာ၊ ဆေးဝါးများအား ကယားပြည်နယ်ရှိ အကြမ်းဖက် PDF အဖွဲ့များထံ ပို့ဆောင်ပေးနေသည့် ဆက်စပ်တရားခံ လင်းလင်းခိုင် (ခ) ထွေးခိုင်နှင့် အကြမ်းဖက် PDF သင်တန်းဆင်း ရဲနိုင်ထွေး (ခ) ကိုရဲတို့ အား ဩဂုတ် ၁၅ ရက် မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့ ရှမ်းပိုင်းရပ်ကွက် အိမ်အမှတ် (၆၄) တွင် ဖမ်းဆီးရမိခဲ့ပြီး လင်းလင်းခိုင် (ခ) ထွေးခိုင်နှင့် ရဲနိုင်ထွေး (ခ) ကိုရဲတို့သည် မျိုးပပက ပေးပို့သည့်ငွေများဖြင့် ကယားပြည်နယ်အတွင်း PDF အဖွဲ့များအား ရိက္ခာ၊ စစ်ဝတ်စုံ၊ ဆေးဝါး တို့အား လွိုင်ကော်မြို့မှဝယ်ယူကာ ဒီးမော့ဆိုမြို့နယ်သို့ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါတရားခံနှစ်ဦး၏ ထွက်ဆိုချက်များနှင့် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ) စစ်ဝတ်စုံများ ဝတ်ဆင်ပြီး အယောင်ဆောင်ကာ လက်နက်နှင့်ခဲယမ်းများအား ဖားဆောင်းမြို့မှ ဒီးမော့ဆိုမြို့သို့ Super Custom ယာဉ်ဖြင့် သယ်ဆောင်လာသည့် အကြမ်းဖက် ဒီးမော့ဆို PDF အဖွဲ့ဝင်များဖြစ်ကြသော မန်းဒီဇင်(ခ) ငမန်း၊ နိုင်ထွန်းလင်း (ခ) ဆိတ်ကုလား၊ မျိုးဇော်ဟိန်း (ခ) မျိုးကြီး၊ ဟန်ပြည့်ညီ (ခ) ငါးကလေး၊ ကျော်မင်းထက် (ခ) ဗျတ္တ၊ ကျော်ဇင်ဦး (ခ) အာနိုး၊ ဖြိုးဘိုဘို (ခ) ဖြူဖွေး၊ ပေါလု (ခ) ဘင်ဘင်း၊ ကောင်းထက်အောင် (ခ) ကောင်းထက်၊ စိန်သန်းဌေး (ခ) သံချောင်းတို့ ၁၀ ဦးအား သြဂုတ် ၁၈ ရက် ညနေပိုင်းတွင် ဘောလခဲမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ M-16 လေးလက်၊ MK-12 သုံးလက်၊ ပစ္စတို သုံးလက်၊ ကျည်မျိုးစုံ ၉၀၆ တောင့် အပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

mdn

 

ဖမ်းဆီးရမိတရားခံ ၁၀ ဦး၏ထွက်ဆိုချက်များအရ ၎င်းတို့သည် မေလနှင့် ဇွန်လအတွင်း ဒီးမော့ဆိုမြို့နယ်၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များတွင် ပါဝင်ခဲ့ကြောင်း၊ PDF အဖွဲ့များအား ကယားပြည်နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန်တရားမဝင် NUG အဖွဲ့မှ တရားခံပြေး ခွန်းဘီထူး (ခ) လွီဇီငြိမ်းနှင့် ချစ်ထွန်းတို့က ညွှန်ကြားစေခိုင်းလျက်ရှိကြောင်း၊ ပြည်တွင်း/ပြည်ပမှ အလှူငွေများအား ဒီးမော့ဆို PDF အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ဝင်း၊ ဘုန်းဇော်ပိုင်၊ ထွန်းလွင်ဦးတို့က ကောက်ခံလျက်ရှိကြောင်း၊ ကောက်ခံရရှိသော ငွေကြေးများဖြင့် လက်နက်ဝယ်ယူမှုအား အကြမ်းဖက်အဖွဲ့ဝင် အောင်စိုးဦး (ခ) သားသား၊ အောင်မြင့်မြတ် (ခ) အောင်မြတ်တို့က လုပ်ဆောင်လျက်ရှိကြောင်း။

 

အဆိုပါ အကြမ်းဖက် PDF အဖွဲ့ဝင် ၁၀ ဦးသည် ၂၀၂၁ ခုနှစ် မေလ အတွင်း ဒီးမော့ဆိုရဲစခန်းအား ဝင်ရောက်တိုက်ခိုက်မှုနှင့် ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန်အနီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှု၊ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ဒီးမော့ဆိုမြို့နယ် ဒေါင်ခါးရပ်ကွက် Church ကျောင်းအနီး တိုက်ခိုက်မှုဖြစ်စဉ်များတွင် ပါဝင်ခဲ့ကြကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ကိုင်နေသည့် ကယားပြည်နယ်ရှိ အကြမ်းဖက် PDF အဖွဲ့ဝင်များနှင့် ၎င်းတို့ကိုဆက်သွယ်ထောက်ပံ့ခဲ့သူများ အပါအဝင် စုစုပေါင်း တရားခံ ၁၃ ဦးအား ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်