မင်းဘူး ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ် ၂၇ ရက် နံနက် ၆ နာရီခွဲ တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် ၁၄၆၈ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်သို့ရောက်ရှိရန် ၂၃၂ စင်တီမီတာသာလိုတော့ကြောင်း မြို့နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှရုံးမှ သိရသည်။
မြစ်ရေမြင့်တက်လာမှုကြောင့် ဧရာဝတီမြစ်အတွင်းရှိ မြေနုကျွန်းများ၌ နေထိုင်စိုက်ပျိုး လုပ်ကိုင်သူများ ရေဘေးလွတ်ရာသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ရကြောင်း၊ ထို့အတူ မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းတစ်လျှောက် မြေနိမ့်ပိုင်းကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်အချို့တွင်လည်း မြစ်ရေများ စတင်ဝင်ရောက်နေပြီး နှစ်စဉ် ပုံမှန်မြစ်ရေဝင်ရောက်သည့် နေရာများဖြစ်ကြောင်း သိရသည်။
ဧရာဝတီမြစ်ရေသည် မင်းဘူးမြို့၌ ရာသီတုအပေါ်မူတည်၍ နောက်နှစ်ရက်အတွင်း မြစ်ရေ ထပ်မံတိုးလာ နိုင်ဖွယ်ရှိကြောင်း၊ ယခုလက်ရှိ ဧရာဝတီမြစ်ရေကို တစ်နေ့သုံးကြိမ် တိုင်းထွာလျက်ရှိပြီး ရေအမှတ် ၁၆၀၀ စင်တီမီတာသို့ ရောက်ရှိပါက တစ်နာရီကို တစ်ကြိမ်တိုင်းထွာပြီး ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်အုံးက ပြောပြသည်။
မင်းဘူး(စကု)မြို့နယ်၌ အမြင့်ဆုံးရောက်ရှိခဲ့သော ရေအမှတ်များမှာ ၂၀၀၇ ခုနှစ်က ၁၇၉၄ စင်တီမီတာ၊ ၂၀၁၆ ခုနှစ်က ၁၈၃၃ စင်တီမီတာနှင့် ၂၀၀၄ ခုနှစ်က အမြင့်ဆုံး ၁၉၂၆ စင်တီမီတာ အသီးသီးရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင် ဧရာဝတီမြစ်ရေသည် အမြင့်ဆုံး ရေအမှတ်အဖြစ် ၁၆၂၈ စင်တီမီတာအထိသာ ရောက်ရှိခဲ့ကြောင်း အဆိုပါဦးစီးဌာန တိုင်းထွာရေးစခန်း မှတ်တမ်းများအရ သိရသည်။
မောင်မောင်(မင်းဘူး)


