မောင်တော ဩဂုတ် ၂၆
ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ ဩဂုတ် ၂၆ ရက် မွန်းလွဲပိုင်းက အောက်စီဂျင်ထုတ်စက် ရောက်ရှိလာရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်သူ့ဆေးရုံကွင်း၌ လာရောက်ကြည့်ရှုကြသည်။
အဆိုပါ အောက်စီဂျင်စက်ရုံကို မောင်တောမြို့နေ ပြည်သူများနှင့် စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပြည်သူ့ဆေးရုံဝင်းအတွင်း တည်ဆောက်လျက်ရှိရာ ယခုအခါ အောက်စီဂျင်စက်ရုံမှာ ၄၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ ရောက်ရှိလာသည့် အောက်စီဂျင်စက်မှာ ငွေကျပ် ၆၀၈၇၅၀၀၀ တန်ဖိုးရှိပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကရုဏာကွန်ရက်အဖွဲ့ဝင်များက အောက်စီဂျင်စက် ယာယီထားရှိမည့်နေရာသို့ ကူညီရွေ့ပြောင်း ဆောင်ရွက်ပေးကြသည်။
အောက်စီဂျင်စက်ရုံအတွက် ငွေကျပ်သိန်း ၁၄၀ တန်ဖိုးရှိ မီးစက် (100)Kva နှင့် ဆက်စပ်ပစ္စည်းများလည်း ရောက် ရှိနေပြီးဖြစ်ရာ အောက်စီဂျင် ဆလင်ဒါအိုးကြီး ၁၅၀ လုံး နှင့် ဆက်စပ်ပစ္စည်းများမှာ ထပ်မံရောက်ရှိလာမည်ဖြစ်ပြီး အောက်စီဂျင်စက်ရုံ လည်ပတ်ပါက ၄၀ လီတာဆံ့ အောက်စီဂျင်အိုး ၈၀ မှ ၁၂၀ အထိ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်း ထားကြောင်း မောင်တောမြို့နယ် အောက်စီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ထံမှ သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


