မော်လမြိုင် ဩဂုတ် ၂၇

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊   အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဩဂုတ် ၂၇ ရက် နံနက် ၉ နာရီက  မော်လမြိုင်မြို့နယ်၊ ကြာအင်းကျေးရွာတွင်  ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်တည်ဆောက်သည့် ဗညားဒလတန်ဖိုးသင့်အိမ်ရာ စီမံကိန်း၌ လေးခန်းတွဲ၊ လေးထပ်တိုက် ၁၆ လုံးနှင့် အခြေခံ အဆောက်အအုံလုပ်ငန်းများ တည်ဆောက်မှုနှင့် တည်ဆောက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဗညားဒလတန်ဖိုးသင့်အိမ်ရာ စီမံကိန်းတည်ဆောက်နေမှု အခြေအနေကို တာဝန်ရှိသူက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က စီမံကိန်းအား အချိန်မီပြီးစီးအောင် တည်ဆောက်နိုင်ရေး၊ အိမ်ရာတိုက်ခန်းများကို တန်ဖိုးသင့်နှုန်းထားဖြင့် ရောင်းချနိုင်ရေး၊ မီးဘေးအန္တရာယ် လုံခြုံရေးစနစ်များ ထားရှိရေး၊ အမှိုက်စွန့်ပစ်စနစ်များနှင့် ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် အလေးထား  ဆောင်ရွက်ကြရန် မှာကြားသည်။

အဆိုပါ ဗညားဒလတန်ဖိုးသင့် အိမ်ရာစီမံကိန်းသည် မော်လမြိုင်မြို့နယ်၊ ကြာအင်းကျေးရွာ၊  မော်လမြိုင်-မုဒုံ လမ်းမကြီး၏ ညာဘက်ခြမ်းတွင် တည်ရှိပြီး ၂၀၁၇- ၂၀၁၈၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်များတွင်  ခွင့်ပြုရန်ပုံငွေ စုစုပေါင်းငွေကျပ် ၅၁၆၈ ဒဿမ ၁၁ သန်းဖြင့် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးတက်ရေးဦးစီဌာနမှ ကြီးကြပ်တည်ဆောက်ကာ လေးခန်းတွဲ၊ လေးထပ်တိုက် ၁၆ လုံးတွင် စုစုပေါင်းအခန်း ၂၅၆ ခန်းပါရှိပြီး   အခန်းတစ်ခန်းလျှင် ၆၅၀ စတုရန်းပေ ကျယ်ဝန်း၍ Master Bed Room တစ်ခန်း၊  အိပ်ခန်း တစ်ခန်း၊  ဧည့်ခန်းနှင့် မီးဖိုခန်းများပါဝင်ကြောင်း၊  အိမ်ရာတိုက်ခန်းများကို တန်ဖိုးသင့်နှုန်းထားဖြင့် ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်နည်းပညာတက္ကသိုလ်တွင်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် ၃၄၉ ဒဿမ ၅ သန်းဖြင့် စုန်ရေကုမ္ပဏီလိမိတက်မှ တာဝန်ယူတည်ဆောက် သည့် ပေ ၁၂၀၊ ပေ ၉၀ ဘက်စုံသုံး အားကစားခန်းမ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ခရိုင်(ပြန်/ဆက်)