နေပြည်တော် ဩဂုတ် ၂၇
နေပြည်တော် အသေးစားနှင့် အလတ်စား စက်မှုဇုန် ကြီးကြပ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ် ၂၇ ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)တွင် ကျင်းပသည်။
အစည်အဝေးတွင် နေပြည်တော် အသေးစားနှင့် အလတ်စား စက်မှုဇုန် ကြီးကြပ်ရေး ကော်မတီ နာယက၊ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမောင်မောင်နိုင်က "နေပြည်တော် စက်မှုဇုန် ကြီးကြပ်ရေး ကော်မတီအား သက်ဆိုင်ရာဌာနများနှင့် ဖွဲ့စည်းပေးထားခဲ့ပြီး ဖြစ်ပါကြောင်း၊ ကော်မတီဝင်များကလည်း မိမိတို့၏ လုပ်ငန်းတာဝန်များအား လျင်မြန်ကျေပွန်စွာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှသာ စက်မှုဇုန် အောင်မြင်ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါကြောင်း၊ ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စားစက်မှုဇုန်ရှိ စက်မှုလုပ်ငန်းများအပါအဝင် ဇုန်ပြင်ပရှိ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက နေပြည်တော်တွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်ခြင်း၊ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ဈေးကွက် ယှဉ်ပြိုင်မှုများကြောင့် ကုန်ပစ္စည်းအရည်အသွေးများ ယှဉ်ပြိုင်ထုတ်လုပ်လာပြီး အရည်အသွေးမီ ကုန်ပစ္စည်းများအား ပြည်တွင်း၌ပင် ဈေးနှုန်းချိုသာစွာဖြင့် သုံးစွဲလာနိုင်ခြင်းတို့ကြောင့် စက်မှုလုပ်ငန်းများ တိုးတက်အောင် အားပေးဆောင်ရွက်ရမှာဖြစ်ကြောင်း"ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်အသေးစားနှင့် အလတ်စားစက်မှုဇုန်ကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးဟိန်းဇော်က ကော်မတီဖွဲ့စည်းထားရှိမှုနှင့် ဒက္ခိဏသီရိမြို့ နေပြည်တော် အသေးစားနှင့် အလတ်စား စက်မှုဇုန်တွင် မြေဧရိယာ ၂ ဧကခန့်ရှိ မြေကွက်အား မြင့်ရတနာကျော် ကုမ္ပဏီလီမိတက်မှ ကျောက်မှုန့် နည်းပညာဖြင့် တစ်ဆင့်မြှင့်ကုန်ချောထုတ်လုပ်ငန်း ဆောင်ရွက်ရန်အတွက် လျှောက်ထားလာမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာသည့် နေပြည်တော် အသေးစားနှင့် အလတ်စား စက်မှုဇုန် ကြီးကြပ်ရေး ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်တို့က လိုအပ်သည်များအား ပြန်လည်လမ်းညွှန်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


