နေပြည်တော်၊ ဩဂုတ် ၂၇
ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲ လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ ဦးဗုဒ္ဓေါတောရကျောင်းတိုက်၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသော ဆရာတော်ကြီး ၃ ပါး ကြွရောက် တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုသည်။
အခမ်းအနားတွင် ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာန နာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ဆရာတော်ကြီးထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္ဈာယ်တော် မူသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုတော်မူကြသည်။
ယင်းနောက် ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်မင်္ဂလာ ဇေယျုံကျောင်းတိုက်၊ ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ဆရာတော်ကြီးထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ် များက အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ ကြသည်။
ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲတွင် ပျဉ်းမနားမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်းနှင့် သီလရှင် ကျောင်း ၄ ကျောင်းတို့တွင် သီတင်းသုံးနေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၆၁၂ ပါးနှင့် သီလရှင် ၁၂၇ ပါး၊ စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင် ၇၃၉ ပါးတို့ကို ဆွမ်းဆန်တော် ၇၄ အိတ်၊ ဆီ ၂၂၂ ပိဿာ၊ ပဲ ၃၀ အိတ်တို့ကို လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၆ ကျောင်း၊ သီလရှင်ကျောင်း၃ ကျောင်း တို့တွင် သီတင်းသုံးနေထိုင် တော်မူကြသော ရဟန်း၊ သာမေဏေ ၄၁၃ ပါး၊ သီလရှင် ၂၅၅ ပါး၊ စုစုပေါင်း ရဟန်း၊ သာမဏေ ၄၁၃ ပါး၊ သီလရှင် ၂၅၅ ပါး၊ စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင် ၆၆၈ ပါး တို့အား ဆွမ်းဆန်တော် ၆၇ အိတ်၊ ဆီ ၂၀၀ ပိဿာ၊ ပဲ ၂၇ အိတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိသည်။
(သတင်းစဉ်)


