နေပြည်တော်၊ ဩဂုတ် ၂၇

 

Digital စနစ်ဖြင့် ခရီးသွားမြှင့်တင်မှုများကို ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးအား Video Conferencing  စနစ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီသွားလာရေးဝန်ကြီးဌာန၊ နီလာ အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

 

အစည်းအဝေးသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေသော ဝန်ကြီးများနှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်ရုံးခွဲတာဝန်ခံများက Video Conferencing စနစ်ဖြင့် Online မှ ချိတ်ဆက် တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပထမအကြိမ် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးတွင်  ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်ချက်များ ချမှတ်ပေးထားပြီးဖြစ်ပါကြောင်း။

 

တိုင်းဒေသကြီး/ပြည်နယ်များအနေနှင့် HSP တွင် ပါရှိသော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ နယ်ပယ် (၇) မျိုးတွင် လုပ်ကိုင်ဆောင်ရွက်နေသူများကို ကာကွယ်ဆေးအပြည့်အဝ ထိုးနှံနိုင်ရေးနှင့် Safe Service ပေးနိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ယခုအချိန်တွင် ရောဂါ ထိန်းချုပ်ကန့်သတ်မှု များကို လိုက်နာဆောင်ရွက်နေကြသော ခရီးသည်များအနေနှင့် ကိုယ်တိုင်ကိုယ်ကျ လက်တွေ့မြေပြင်သို့ သွားရောက်လည်ပတ်နိုင်မှု မရှိသေးသည့် အခြေအနေတွင် ခရီးစဉ်ဒေသများအလိုက် Virtual Reality Tour များကို Online စနစ်ဖြင့် ချိတ်ဆက်ပြသရေးအတွက် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်၍ ဆက်လက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး တိုင်းဒေသကြီး/ပြည်နယ်များကလည်း အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးက Virtual Reality Tour များပြုလုပ်၍ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ အား Power Point ၊ Video ဖြင့် ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များမှ ဝန်ကြီးများက ပထမအကြိမ် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေ၊ ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်နိုင်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည့် အခြေအနေ၊ Digital/Online စနစ်ဖြင့် ခရီးသွားမြှင့်တင်ရေးဆိုင်ရာဆောင်ရွက်မည့် အခြေအနေ များနှင့် လုပ်ငန်းလိုအပ်ချက်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)